ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ သာကုန်းရပ်ကွက်၊ ဓမ္မရံကုန်းလမ်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီက လူထုကျန်းမာရေးမြှင့်တင်ရေးသင်တန်း (အမှတ်စဉ် ၃၁) ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဆရာမ နော်ဝါးအယ် ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ သမ္မာကျမ်းစာဖတ်ကြားခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာကြီး အဲလ်ဗင်းဖိုးဖိုးလှက ဖွင့်ပွဲဆုတောင်းပေးခဲ့သည်။ ထိုနောက် သင်တန်းသားများက ဓမ္မသီချင်းနှင့် အထူးသီချင်းများဖြင့် ပါဝင်သီဆိုကာ အခမ်းအနားကို ဂုဏ်ပြုခဲ့ကြသည်။
ဆက်လက်၍ ဆရာကြီး စောဆဲနေညွန့်က ဒေသနာတော် ဟောကြားခဲ့ပြီး၊ ဆရာကြီး ဦးတင်မောင်ကြည်က အထူးကောင်းချီးပေး ဆုတောင်းပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ဆရာမ စန္ဒာချစ်က ကျေးဇူးတင်စကားနှင့် ကြေညာချက်များကို ပြောကြားခဲ့ပြီး၊ ဆရာကြီး ထန်လန်းမုန်က နိဂုံးချုပ်ဆုတောင်းပေးခဲ့သည်။
ယခုဖွင့်လှစ်သော လူထုကျန်းမာရေးမြှင့်တင်ရေးသင်တန်း (အမှတ်စဉ် ၃၁) တွင် သင်တန်းသူ/သား စုစုပေါင်း ၂၂ ဦး တက်ရောက်လျက်ရှိပြီး အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၄ ဦး ပါဝင်ကြောင်း သိရသည်။
အခမ်းအနားသို သင်းအုပ်ဆရာတော်ကြီးများ၊ ဓမ္မဆရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ဆရာဝန်များ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြပြီး၊ တက်ရောက်လာသူအားလုံးအား အထူးကျေးဇူးတင်ရှိကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။
ထိုအပြင် သင်တန်းကာလတစ်လျှောက် သင်တန်းသူ/သားများအားလုံး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများဖြင့် လမ်းပြပိုဆောင်ခြင်းခံရကာ သင်တန်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ကြောင်း သိရသည်။