တရားဟောချက် ၇
ပြောင်းလဲသွားသော အသိုင်းအဝိုင်း တစ်ခု
ဒေါက်တာ ဘရန်ဒန် ဖရက်ထ်
Key Words:
Consumerism – သုံးစွဲ(နိုင်)မှုဝါဒ၊ သုံးစွဲ(နိုင်)ခြင်းဝါဒ၊ များများထုတ် များများသုံးဝါဒ
သုံးစွဲနိုင်မှုဝါဒ – လိုအပ်သည်ထက် ပို၍ သုံးလိုခြင်း။ အဆင့်အတန်းကို ပစ္စည်းအရာဝတ္ထုများ သုံးဖြန်းနိုင်ခြင်းအပေါ် အခြေခံခြင်း။ ပစ္စည်းအရာဝတ္ထုများ ဝယ်ယူသုံးစွဲနိုင်လေလေ ပျော်ရွှင်လေလေ ဖြစ်ခြင်း။ (ရလဒ်အနေဖြင့် လူတွေ တကိုယ်ကောင်းဆန်လာခြင်း၊ တသီးတသန့်နေခြင်းကို လေးပေးလာခြင်း၊ လူလူချင်း မိတ်သဟာရပြုခြင်းထက် အရာဝတ္ထု ပစ္စည်းများနှင့်သာ အချိန်ကုန်ဆုံးစေခြင်း၊ ဘုရားထက် လောကအရာကိုပို၍ စွဲလမ်းတပ်မက်ခြင်း)
consumer-culture – သုံးစွဲမှု ယဉ်ကျေးမှု၊ လောကီ ယဉ်ကျေးမှု၊ လောက ယဉ်ကျေးမှု
transformed – ပြောင်းလဲခြင်း
conformed – အသွင်ယူခြင်း၊
transfigured – ဗီဇပြောင်းလဲခြင်း၊ သဏ္ဍန်ပြောင်းလဲခြင်း
relationship – မိတ်သဟာရ၊ ဆက်ဆံရေး
connect – ဆက်သွယ်ခြင်း၊ မိတ်သဟာရပြုခြင်း
community – အသိုင်းအဝိုင်း၊ လူမှုအဖွဲ့
identity – ဖြစ်တည်မှု၊ ကိုယ်ပိုင်လက္ခဏာ
individualism – တသီးတသန့်ရပ်တည်မှု၊ တကိုယ်ကောင်းဆန်မှု၊ မိမိကိုယ်ကိုသာမြင့်တင်မှု
recalibrate – ပြန်လည်ညှိနှိုင်း၊
instant gratification – ချက်ချင်းလိုချင်မှု
ချက်ချင်းလိုချင်မှု – “ချက်ချင်းအကျိုးသက်ရောက်မှုရရှိရန် အကျိုးကျေးဇူးပိုနည်းကြောင်းသိသော်လည်း အနာဂတ်အကျိုးကျေးဇူးကို စွန့်လွှတ်လိုသည့် စိတ်ဖြစ်ပေါ်စေရန် စေ့ဆော်မှုနှင့် ရွေးချယ်မှုအလားအလာ” (အိုလီဗီယာ)
intergeneration – မျိုးဆက်များအကြား
အဓိက ကျမ်းချက် – ရောမ ၁၂း၁-၂
၁) ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
၂) သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
နိဒါန်း
သင်ဘယ်အရာနောက် ပြေးလိုက်နေသလဲ ။ သင့်အတွက် ‘အောင်မြင်သော’ ဘဝသည် မည်သို့နည်း။
သုံးစွဲနိုင်မှု (consumerism) ကို အလေးထားသော လောကီယဉ်ကျေးမှု၏ ပန်းတိုင်မှာ “ပျော်ရွှင်မှု” ဖြစ်သည်။ ပို၍ အဓိပ္ပာယ်ပြည့်ဝသော အသက်တာသည် လက်တစ်ကမ်း ဝယ်ယူလိုက်ရုံ သာဝေးသည်။ နောက်ဆုံးပေါ်သာ သုံးရလိုက်ရလျှင် သင်ပို၍ ပျော်ရွှင်နိုင်မည်။ စသည်ဖြင့် သုံးစွဲနိုင်မှုဝါဒသည် “ပို၍” (ကို) ရှာဖွေလေ လိုချင်လေ ဖြစ်သည်။ “ကျွန်ုပ်သည် …….ချိန်မှ ပျော်ရွင်နိုင်မည်” ဟူ၍ ကွက်လပ်များနောက် လိုက်ခြင်းဖြစ်သည်။
ဤစာတမ်း (တရာဟောချက်) တွင် လောကီ သုံးစွဲမှု ယဉ်ကျေးမှု၏ စိန်ခေါ်ချက်အချို့ကို စူးစမ်းလေ့လာကြမည်။ ပို၍အရေးကြီးသည်မှာ ကျွန်ုပ်တို့ကို ဆွဲဆောင်လျက်ရှိသည့် လောကီယဉ်ကျေးမှုများဖြစ်သော တသီးတသန့်ရပ်တည်မှုနှင့် အပေါ်ယံသာအသက်ရှင်သော အသက်တာ တွေအတွက် အဖြေသည် ထိုယဉ်ကျေးမှုများနှင့်ဆန့်ကျင်လျက် ကျမ်းစာအတိုင်းလိုက်လျှောက်သော အသိုင်းအဝိုင်းသာဖြစ်ကြောင်း လေ့လာရမည်ဖြစ်သည်။
ကျွန်ုပ်တို့နေထိုင်သည့် ယဉ်ကျေးမှု
သင်တို့သည် “လောကီပုံသဏ္ဌာန် မဆောင်ကြနှင့်’ ဟုရောမကျမ်းတွင် ပေါလုရေးသားခဲ့သည်။ လောကယဉ်ကျေးမှုတွင် သုံးစွဲခြင်းဝါဒကို ပုံသွင်းထားသည်။
သင်သည် အင်တာနက်ရှိပြီး စမတ်ဖုန်း သို့မဟုတ် ရုပ်မြင်သံကြားကြည့်ရှုခြင်းပြုသည်ဆိုလျှင် နေ့စဉ် ‘သင်၌ရှိပြီးသားဖြစ်သော်လည်း ပိုလိုအပ်သည်’၊ သို့မဟုတ် ‘ခြားနားသောအရာတစ်ခုခုလိုအပ်သည်’ ဟု ဆိုသော ကြော်ငြာ ၃,၀၀၀ ကျော်ကို တွေ့ရပါလိမ့်မည်။
လောက၏ သုံးစွဲမှုယဉ်ကျေးမှု (consumer culture) က ကျွန်ုပ်တို့ကို မည်သို့လိုချင်၊ မည်သို့ချစ်မြတ်နိုး ရမည်နှင့် မည်သို့မျှော်လင့်ရမည်ကို ပြောပြသည်။ သုံးစွဲမှုဝါဒ (consumerism) သည် ကျွန်ုပ်တို့တွင် မည်မျှရှိသည်နှင့် ပတ်သက်၍ မဟုတ်ဘဲ ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် ဆန္ဒများကို မည်သည့်နေရာတွင် ထားရှိသည်နှင့်ပတ်သက်သည်။ Consumerism သည် ကျွန်ပ်တို့ မည်သူမည်ဝါဖြစ်သည့် နှင့် ကျွန်ုပ်တို့၏ စိတ်နေသဘောထားကို ပုံသွင်းပေးနေသည်။
သုံးစွဲမှုဝါဒသည် လူမှုအသိုင်းအဝိုင်းကို ဖျက်ဆီးသည်
ကျွန်ုပ်တို့၏ လောကယဉ်ကျေးမှုသည် သုံးစွဲနိုင်ခြင်းဝါဒ (consumerism) ၌ ပို၍အလေးထားလာခြင်းတွင် အထီးကျန်မှုနှင့် မညီညွတ်မှု ပြဿနာများကိုလည်း ပို၍မြင့်တက်လာစေသည်။ ဘုရားသခင်၊ မိသားစု၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါ အချိန်ယူပြီးတည်ဆောက်ရပါသည်။ သို့ပေမဲ့ သုံးစွဲမှုဝါဒ (Consumerism) အရ အချိန်သည် ငွေနှင့်ညီမျှသော ကြောင့် ထိုငွေ၏ ‘ပျော်ရွှင်မှု’ အတုအယောင် နောက်လိုက်ဖို့ မိသားစု၊ သူငယ်ချင်းများ နဲ့ မိတ်သဟာရဖွဲ့ခြင်းများ စွန့်လွှတ်ခံရသည်။
လောက သုံးစွဲမှုယဉ်ကျေးမှု (consumer culture) သည် ကိုယ့်ကိုယ်ကို ဝတ်ပြုကိုးကွယ်ခြင်းအပေါ် အခြေခံသည်။ ယင်းသည် တစ်ဦးချင်းစီ၏ ‘လိုအပ်ချက်များ’ ကိုဖြည့်ဆည်းပေးခြင်းကိုသာ အာရုံစိုက်ပြီး ကျမ်းစာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အသိုင်းအဝိုင်း၏ ‘မိတ်သဟာရ’ ကို အားနည်းစေသည်။ ဘုရားနှင့် အသင်းတော် ကို ပါ လူသုံးကုန် ကဲ့သို့ စတင်သတ်မှတ်လာစေနိုင်သည်။ အသင်းတော်တွင် ကိုယ်တိုင်ပါဝင်ခြင်းထက်၊ အလုပ်အားချိန် စိတ်အပန်းဖြေရန် ရယူသော ဝန်ဆောင်မှု သဖွယ် ဖြစ်လာသည်။ ရွေးချယ်မှုတွေဟာ ကိုယ့်ရဲ့ လိုအင်ဆန္ဒ အတိုင်း “ငါကြိုက်လား၊ မကြိုက်ဘူးလား” အပါ် အဓိက အခြေခံလာသည်။ သမ္မာကျမ်း စာသည်လည်း လူသားတို့အပေါ်ထားသော ဘုရား၏ မေတ္တာ ကိုပုံဖော်ထားတဲ့ စာအုပ်တစ်အုပ်နေနဲ့ မဟုတ်ဘဲ သုံးစွဲ နိုင်ကြောင်း ရွေးချယ်စရာကုန်ပစ္စည်းများအနက် တစ်ခု အနေနဲ့ သတ်မှတ်လာသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် စကြဝဠာ vending machine ဖြစ်လာသည်။
ယနေ့ခေတ် သုံးစွဲမှုဝါဒ အားပေးသော လောကီယဉ်ကျေးမှုဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းမှ ကုန်ပစ္စည်း၊ နာမည်ကျော်များနှင့် ကိုယ့်ကိုယ်ကို ကိုးကွယ်ခြင်းသို့ သွေဖယ်စေသည်။ သုံးစွဲမှုဝါဒ (Consumerism) မှာ ခရစ်ယာန်ဘာသာဟာ ရွေးချယ်စရာ ကုန်ပစ္စည်းများအနက်တစ်ခုအပါအဝင် သာဖြစ်သည်ဟူ၍လည်းကောင်း၊ lifestyle ရွေးချယ်စရာတစ်ခုမျှသာဖြစ်သည်ဟူ၍လည်းကောင်း သတ်မှတ် လာကြသည်။ ရောမ ၁၂ တွင် ပေါလုသည် လောကီ သုံးစွဲမှုဝါဒ (consumerism) အကြောင်း ရေးသားခဲ့ခြင်း မဟုတ်ပါ၊ သို့သော် သူသည် အင်ပါယာ ၏ စိုးမိုးနေသော စံနှုန်း များသည် ကျွန်ုပ်တို့ မည်သူဖြစ်သည်ကို လွှမ်းမိုးပုံသွင်းနိုင်သည်ဟု ပြောနေခြင်း ဖြစ်သည်။ သုံးစွဲမှုဝါဒသည် အမြဲတမ်း ပြဿနာတစ်ခုဖြစ်ခဲ့သော “တစ်ကိုယ်ကောင်းဆန်မှု” ကို ပုံဖော်သည့် ခေတ်သစ်နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ခရစ်ယာန်များအနေ နှင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် တမူထူးခြားသော အသက်တာ၊ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ များဖြင့် အသက်ရှင်ရန် ခေါ်တော်မူခြင်းခံရသောသူများဖြစ်ကြောင်း အမှတ်ရဖို့ လိုသည် ။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအာရုံစိုက်ခြင်းထက် တပည့်တော်များအဖြစ် ဝတ်ပြုကိုးကွယ်ခြင်း၊ အစေခံခြင်း၊ ဝေမျှခြင်း၊ ဆက်သွယ်ခြင်းနှင့် ကြီးထွားခြင်းတို့ကို အာရုံစိုက်သော ‘အသက်ရှင်သောယဇ်များ’ ဖြစ်ရန် ခေါ်တော်မူခြင်းခံရသောသူများဖြစ်ပါသည်။
ယေရှုသည် သုံးစွဲခြင်းဝါဒ ၏ စိန်ခေါ်ချက်အကြောင်း မကြာခဏ ပြောခဲ့သည်။ ထိုခေတ်က ကြော်ငြာများ၊ တံဆိပ်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်မဂ္ဂဇင်းများမရှိသော်လည်း လုကာ ၁၂ တွင် အရာဝတ္ထု များသည် ကျွန်ုပ်တို့၏နှလုံးကို မည်သို့ထိန်းချုပ်နိုင်ပြီး ကျွန်ုပ်တို့၏သခင်ဖြစ်လာ နိုင်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်ုပ်တို့၏ နှလုံးသားသည် မှားယွင်းသော အရာများကို အလွယ်အကူပင် စွဲလမ်းနိုင်ကြောင်းနှင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုဖြင့် ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်ကာ ငွေ၏ကျေးကျွန်အဖြစ် အလွယ်တကူဖြစ်သွားနိုင်ကြောင်းကို ပြောခဲ့သည်။
ပြောင်းလဲခြင်းနှင့် အသွင်ယူခြင်း
ရောမ ၁၂ တွင် ပေါလုက ကျွန်ုပ်တို့သည် ‘အသွင်ယူ’ မည့်အစား ကျွန်ုပ်တို့၏စိတ်ကို အသစ်ပြုပြင် ခြင်းဖြင့် ‘ပြောင်းလဲ’ သင့်ကြောင်း သတိပေးထားသည်။ အသွင်ယူခြင်း ထက် ပြောင်းလဲခြင်းတွင် ဘယ်လိုပုံရိပ် ရှိပါသနည်း။ အသွင်ယူခြင်းသည် အသိုင်းအဝိုင်းဖြစ်ခြင်းပင်ဖြစ်သည်။ (conformed oneself to be a part of a community).
သုံးစွဲခြင်းဝါဒကို တုံ့ပြန်မှုအများစုသည် ပညာရေး၊ သုံးစွဲမှုကို လျှော့ချခြင်း၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းနှင့် အခြားသူများကို ကူညီပေးခြင်းတို့အပေါ် အာရုံစိုက်သည်။ ဤတုံ့ပြန်မှုများသည် ကောင်းသော်လည်း သုံးစွဲခြင်းဝါဒ၏ အဓိကအချက်ကို အတွင်းကျကျ ကိုင်တွယ်ဖြေရှင်းဖို့လိုသည်။ အရေးကြီးဆုံးချဉ်းကပ်နည်းမှာ ‘အသက်ရှင်သောယဇ်’ ဖြစ်ရန်ဖြစ်သည်။ ရောမ ၁၂:၂ ပါ “ပြောင်းလဲခြင်း” ဟူသောစကားလုံးသည် အသွင်ပြောင်းလဲခြင်း၊ ပုံပန်းသဏ္ဌာန်ပြောင်းလဲခြင်း၊ ဗီဇပြောင်းလဲခြင်းဟု အဓိပ္ပာယ်ရသည်။ ခူကောင်တစ်ကောင် လိပ်ပြာဖြစ်လာပုံနှင့် ဆင်တူသည်။ လိပ်ပြာသည် ခူကောင်ဘဝမှ လုံးဝခြားနားသွားသည်။ ပြောင်းလဲမှုသည် ပြည့်စုံ ပြီး ထူးခြားလှသည် ။ ထို့အတူပင် ပြောင်းလဲခြင်း ဟူသည် ယေရှုကို အာရုံစိုက်ခြင်း နှင့် ဘုရားသခင်ကို အပြည့်အဝနာခံခြင်း ကို ဆိုလိုသည်။ ထို့နောက် ဤသို့သောပြောင်းလဲမှုကို မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်လက္ခဏာ ကို မြှင့်တင်ပေးသည့် အသိုင်းအဝိုင်းများတွင် လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။
ဥပုသ်နေ့နှင့် ပြောင်းလဲလာသော အသိုင်းအဝိုင်း
ဤအသိုင်းအဝိုင်းများသို့ ဝေငှရန် မျှော်လင့်ခြင်းနှင့် ပြောင်းလဲခြင်း သတင်းစကားများ ရှိပါသလား? ကျွန်ုပ်တို့သည် သုံးစွဲမှုယဉ်ကျေးမှုကို ဖြေရှင်းရန်နည်းလမ်းတစ်ခု ရှာဖွေနေပြီလား? အမြဲအလုပ် များနေသောသူများသည် အချိန်ယူ၍ အနားယူခြင်းမှ ကောင်းကျိုးများရရှိနိုင်ပါသည်။ မတော် သူတို့သည် တစ်ပတ်လျှင် တစ်ရက်ကို သီးသန့်ထားကာ ဘုရားသခင်နှင့်ဆက်သွယ်ချင်း လူလူချင်းမိတ်သဟာရပြုခြင်း များဖြင့်အနားယူမည်၊ သို့မဟုတ် ဈေးဝယ်ခြင်းနှင့် နိစ္စဓူဝလုပ်ငန်းဆောင်တာများမှ တစ်ပတ်လျှင် တစ်ရက်မျှ အနားယူခြင်းပြုလုပ်နိုင်ပါသည်။
ဥပုသ်သည် မိတ်သဟာရဖွဲ့ခြင်းကိုအလေးထားသော ဘုရားသခင်၌ဝမ်းမြောက်ခြင်းနှင့် သုံးစွဲမှုဝါဒအား ခုခံခြင်းကို ပုံဆောင်သည်။ သုံးစွဲမှုဝါဒအား ဆန့်ကျင်ခြင်း၏ အမှတ်လက္ခဏာလည်းဖြစ်သည်။ ထို့အပြင် အချိန်သည်ငွေထက်ပို၍ တန်ဖိုးရှိကြောင်းကိုလည်း အမှတ်ရစေသည်။ ကြီးထွားခြင်း၊ အစေခံခြင်း၊ မိတ်သဟာရပြုခြင်း၊ မျှဝေခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းတို့ကို ပို၍ကြီးမြတ်သော ရည်ရွယ်ချက်အတိုင်း ပြန်လည်ထိန်းညှိနိုင်ပါသည်။ ဥပုသ်နေ့တွင် ကြော်ငြာများနှင့် ဈေးဝယ်ခြင်း၏ သုံးစွဲမှုဆိုင်ရာ (consumeristic) လုပ်ဆောင်မှုများမှ ခေတ္တရပ်နားပြီး ယင်းအစား မိတ်သဟာရဖွဲ့သော အသိုင်းအဝိုင်း၌ ပျော်မွေ့ကြရန်ဖြစ်သည်။
အမြဲအလုပ်များနေသူတစ်ဦးအတွက် ငြိမ်သက်စွာအနားယူဖို့ အချိန်ရမည်ဆိုလျှင် ဘယ်လောက်ပျော်ရွှင် နိုင်မည်ဆိုတာ စဉ်းစားကြည့်ပါ ။ ဥပုသ်နေ့သည် ချက်ချင်းလိုချင်ခြင်း (instant gratification) နှင့် အဆက်မပြတ်ကုန်ထုတ်လုပ် (အလုပ်လုပ်) လိုသည့် ကျွန်ုပ်တို့၏ယဉ်ကျေးမှုကို ဆန့်ကျင်သည်။ ဥပုသ်နေ့သည် မိတ်ဆွေများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် မိတ်သဟာရပြုခြင်း အပေါ် အခြေခံသည်။ ဥပုသ်နေ့တွင် လောကီရေးရာများကို ခေတ္တရပ်တန့်ပြီး ပို၍လေးနက်သောအရာနှင့် ဆက်သွယ်ဖို့ ဖြစ်ပါသည်။
မျိုးဆက် အချင်းချင်း ဆက်သွယ်မှု ၊ သေခြင်းတရား နှင့် အသိုင်းအဝိုင်း
သုံးစွဲမှုဝါဒကို လျှော့ချစေသည့် နောက်အကြောင်းရင်းတစ်ခုမှာ မျိုးဆက်များအကြား (intergenerational connection) ဆက်သွယ်မှုများ တိုးတက်လာခြင်းဖြစ်သည်။ ကလေးများသည် သက်ကြီးရွယ်အိုများကို တွေ့မြင်ပြီး အပြန်အလှန်စကားပြောဆိုဆက်ဆံသည့်အခါ သုံးစွဲမှုဝါဒကို ဦးတည်စေသည့် အတွေးအခေါ်များကို လျော့နည်းလာစေသည်။
သေခြင်းတရားသည်လည်း သုံးစွဲမှုဝါဒ ကို စိန်ခေါ်နေသည်။ သေခြင်းတရားသည် ကျွန်ုပ်တို့ကို ဘဝတွင် အမှန်တကယ် အရေးကြီးသော အရာများကို သတိပြုမိစေသည်။ သေခြင်းတရားသည် ကျွန်ုပ်တို့ကို အရေးကြီးသော အရာများအပေါ်အာရုံစိုက်ရန် ကူညီပြီး သုံးစွဲမှုဝါဒ၌ အာရုံစူးစိုက်မှုများကို ဖယ်ရှားပေးသည်။ ကျွန်ုပ်တို့ ခရစ်တော်ကြွလာခြင်းကို မျှော်လင့်သောသူများအတွက် ရှင်ပြန်ထမြောက် ခြင်းသည် ကျွန်ုပ်တို့ကို လူမှုအဖွဲ့တစ်ခုအဖြစ် ထာဝရပေါင်းစည်းပေးမည့်အရာဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်သို့ တစ်ဦးချင်း တစ်ယောက်ပြီးတစ်ယောက်မသွားပါ၊ လူအများနှင့်သာ သွားကြမည်ဖြစ်သည်။
သို့ဖြစ်၍ ဥပုသ်နေ့တွင် လူကြီးလူငယ်များ အတူတကွ စုပေါင်းပြီး မိတ်သဟာရဖွဲ့သော အသိုင်းအဝိုင်းကို မည်သည့်နေရာတွင် တွေ့နိုင်သနည်း?
သုံးစွဲမှုဝါဒထက် ကျွန်ုပ်တို့၏ ကြီးထွားတိုးတက်မှုအပေါ် အလေးထားသော အသိုင်းအဝိုင်းတစ်ခု ရှိသည်ဟုသိခဲ့လျှင် သင်ဘယ်သို့ နေလိမ့်မည်နည်း?
ဗာဗုလုန် မှ ဒံယေလ
ဒံယေလ၏ပုံပမာသည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုကို ပုံဆောင်သည့် ဗာဗုလုန် အင်ပါယာတွင် ကျွန်ုပ်တို့ မည်သို့ ကောင်းမွန်စွာ နေထိုင်နိုင်သည်၊ ကြီးထွားနိုင်သည်ကို ဖော်ပြနေသည်။ ဒံယေလက မိမိသည် သာ၍ကြီးမြတ်သောရည်ရွယ်ချက်အတွက် အသက်ရှင်နေသည်ဟု စိတ်ထဲတွင် ပိုင်းဖြတ်ခဲ့သူဖြစ်သည်။ သူသည် ယုံကြည်ခြင်းတူသော မိတ်ဆွေများနှင့်အတူ ဆုတောင်း ခဲ့ပြီး သူတို့၏ ထောက်ပံ့မှုကိုလည်း ရယူခဲ့သည်။ မိမိအတွက် ဘုရားသခင့် ရည်ရွယ်ချက် ကို မှန်မှန်အာရုံစိုက်ခဲ့ပြီး တစ်နေ့လျှင် အနည်းဆုံး သုံး ကြိမ် ဆုတောင်းခဲ့သည်။ အိပ်မက်များကို အနက်ဖွင့်ခြင်းအပါအဝင်၊ သူ၏ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုအားလုံးသည် ဘုရားသခင် ထံမှလာပြီး၊ ဘုရားသခင် တစ်ပါးတည်းသာ အပြည့်အဝ ချီးမွမ်းခံထိုက်ကြောင်း သူနားလည်ခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်အတွက် ဖြစ်တည်ကြောင်း သဘောပေါက် နားလည်လာသည့်ခါမှစ၍ ကျွန်ုပ်တို့သည် ဘဝနှင့် လောကကို ကွဲပြားခြားနားစွာ ရှုမြင်လာကြ မည်ဖြစ်သည်။
ပြောင်းလဲသွားသော အသိုင်းအဝိုင်းသည် အဖြေဖြစ်သည်
ဝိညာဉ်ရေးအသိုင်းအဝိုင်းသည် သုံးစွဲခြင်းဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အကြောင်းမှာ သုံးစွဲခြင်းဝါဒတွင် တစ်ဦးချင်းရပ်တည်မှုကိုအလေးပေးသောကြောင့်ဖြစ်သည်။ နာမည်ကြော် တံဆိပ်များသည် အသိုင်းအဝိုင်းကို ဖန်တီးရန် ကြိုးစားကြသော်လည်း စစ်မှန်၍ မေတ္တာပြည့်ဝသော ဆက်ဆံရေးများကို ထုတ်ကုန်များအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မည်မဟုတ်ပါ။
စစ်မှန်သောဆက်ဆံရေးကိုကျင့်သုံးသည့်အသိုင်းအဝိုင်းသည် သုံးစွဲခြင်းဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ရောမ ၁၂ တွင် ပေါလုက ဘဝကို ဤသို့ဖော်ပြသည်–
ဝတ်ပြုကိုးကွယ်ခြင်း [အခန်းငယ် ၁-၃]
အစေခံခြင်း [အခန်းငယ် ၃-၈]
မိတ်သဟာရပြုခြင်း [အခန်းငယ် ၉-၁၀]
ကြီးထွားခြင်း [အခန်းငယ် ၁၁-၁၂] နှင့်
ဝေမျှပေးကမ်းခြင်း [အခန်းငယ် ၁၄-၂၁]
အသင်းတော်တည်ရှိရခြင်းအကြောင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၊ အစေခံခြင်း၊ မိတ်သဟာရပြုခြင်း၊ ကြီးထွားခြင်း နှင့် ဝေမျှပေးကမ်းခြင်း တို့ဖြစ်သည်။ ဤလုပ်ဆောင်မှုများသည် လောကီ ယဉ်ကျေးမှုမှ ကွဲပြားရပ်တည်ပြီး သုံးစွဲခြင်းဝါဒအား အန်တုစိန်ခေါ်သည့် အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရန် ကူညီပေးသည်။
“မိတ်သဟာရကို အလေးထားသော လူ့အသိုင်းအဝိုင်း” သည်သာ အဖြေပင်ဖြစ်သည်။
သုံးစွဲသူ ယဉ်ကျေးမှုထက် ကျော်လွန်၍ အသက်ရှင်နေထိုင်ရန် အကြံပြုချက်များ–
- ကြော်ငြာက သင့်ကို ဘာပြောသလဲ၊ ပစ္စည်းတစ်ခုကို ဘာကြောင့် ရွေးချယ်ရသလဲဆိုတာ စဉ်းစားပါ။
- သင့်ဘဝမှာရှိတဲ့သူတွေကို ပိုအာရုံစိုက်ပါ။ တကူးတက အချိန်ပေးပြီး မိသားစု၊ အသင်းတော်အသိုင်းအဝိုင်းနှင့် အိမ်နီးချင်းများနှင့်အတူ အချိန်ကုန်ဆုံးစေပါ။
- သင်၏ အစွမ်းသတ္တိများကို မိသားစု၊ အသင်းတော်နှင့်၊ လူအများကို အစေခံရာတွင် ပို၍အသုံးပြုပါ။
- သင့် အချိန်၊ အစွမ်းအစ နှင့် ပိုင်ဆိုင်မှုများကို အများအတွက်ရက်ရောစွာ အသုံးပြုပါ။ ရက်ရောစွာ ပေးလှူခြင်းသည် သုံးစွဲခြင်းဝါဒကို တွန်းလှန်ရန် အထောက်အကူပြုသည်။ ဆယ်ဖို့တစ်ဖို့ ပေးခြင်းသည် လောဘကြီးခြင်းကို တားဆီးရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး သင်၏ပိုင်ဆိုင်မှုသည် ဘုရားသခင့်ဘုန်းတော်အတွက်ဖြစ်ကြောင်း အမှတ်ရစေပါသည်။
- ဥပုသ်စောင့်ပါ။ ဥပုသ်သည် သုံးစွဲမှုဝါဒကို တွန်းလှန်နေခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။ ဥပုသ်သည် အချိန်က ငွေထက်ပို၍တန်ဖိုးရှိကြောင်း အမှတ်ရစေသည်။ ကျွန်ုပ်တို့၏တည်ရှိခြင်းသည် သာ၍ကြီးမြတ်သောရည်ရွယ်ချက်အတွက် ဖြစ်ကြောင်းကိုလည်း အမှတ်ရနေစေသည်။ ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် သုံးစွဲမှုဝါဒ၏ သတင်းစကားများဖြစ်သော ကြော်ငြာနဲ့ ဈေးဝယ်ခြင်း များကို ဖြတ်တောက်ပြီး ဥပုသ်စောင့်ခြင်းဖြင့် ဘဝကို အကောင်းဆုံးအသက်ရှင်ရန်ဖြစ်သည်။
- သက်ကြီးရွယ်အိုများ၏ ဘဝပုံပြင်များနားထောင်ရင်း အချိန်ကုန်ဆုံးစေပါ။
- သဘာဝတရား၌ အချိန်ကုန်ဆုံးစေပါ။ သဘာဝတရား၌ပို၍အချိန်ကုန်စေသောသူများသည် သုံးစွဲမှုဝါဒကို အာရုံပြုမှုပိုနည်းပြီး ဖန်ဆင်းခြင်းကို ပို၍တန်ဖိုးထားတတ်ကြသည်။
- အမှန်တကယ် အရေးကြီးသည့်အရာများနှင့် ပြန်လည်သင့်တင့်ရန် အချိန်ယူပါ။ လောကီအသွင်ယူခြင်းမဟုတ်ဘဲ စိတ်နှလုံးကို အသစ်ပြင်ဆင်ခြင်းဖြင့် အသွင်ပြောင်းလဲရန် အစီစဉ်ဆွဲပါ (ရောမ ၁၂း၂)။ သင့်ကို ဘုရားသခင်နဲ့ ပြန်လည်ဆက်သွယ်ပေးမယ့် နှလုံးခိုင်မြဲစေတဲ့ ကောင်းသောအကျင့်များကို မွေးမြူပါ။
နိဂုံး
သုံးစွဲမှုဝါဒသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာအမြစ်စွဲနေသည်မှာ ကျွန်ုပ်တို့ အသက်ရှင်ဖို့ ရှူရှိုက်ရတဲ့ လေ လိုပင်ဖြစ်လာခဲ့သည်။ ထိုယဉ်ကျေးမှုမှ တပည့်တော်ဖြစ်ခြင်းကို အလေးထားသော အသိုင်းအဝိုင်းသို့ ပြန်လည်လျှောက်လှမ်းရလာရမည့် ခရီးစဉ်မှာ မလွယ်ကူလှသော်လည်း အလွန့်အလွန်မှပင် အရေးကြီးလှပါသည်။
ခရစ်ယာန်တစ်ယောက်အနေနဲ့ ကျွန်ုပ်တို့ဟာ မတူကွဲပြားတဲ့ အသက်တာနဲ့ အသက်ရှင်ဖို့ ခေါ်တော်မူခြင်း ခံရပါတယ်။ အသွင်ယူမည့်အစား ပြောင်းလဲပစ်ရမည်ဖြစ်သည် (ရောမ ၁၂း၁-၃)။ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ခြင်း၊ လိုအင်ဆန္ဒ၊ ဖြစ်တည်မှု တို့ကို ယေရှုထံမှာ အပ်နှံပြီး ကျွန်ုပ်တို့ရဲ့အသက်တာကို ကိုယ့်အကြံအစဉ်အတိုင်း အသက်ရှင်ခြင်းမဟုတ်ပဲ ဘုရား၏အစေခံများ အဖြစ်သို့ ပြောင်းလဲအသက်ရှင်ရမည်ဖြစ်သည်။ လူလူချင်း ကုန်ပစ္စည်းအနေနဲ့ သတ်မှတ်ကြခြင်း အလေ့အထမှ ပြောင်းလဲပြီး လူလူချင်း တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားကာ အတူတကွ ကြီးထွားခြင်း၊ အစေခံခြင်း၊ ဝေငှခြင်း နှင့် ဝတ်ပြုကိုးကွယ်ခြင်းများ လုပ်ဆောင်ကြမည်။ ကိုယ်ကိုယ်ကို သာ အလေးထားတတ်သော လောကကြီးမှာ ကျွန်ုပ်တို့ဟာ ဘုရားဘုန်းတော်အတွက် အသက်ရှင်ကြမည်။ လောကယဉ်ကျေးမှုများကို တွန်းလှန်ပြီး ခရစ်တော်နောက်လိုက်ခြင်းမှ ပြောင်းလဲခြင်းဖြစ်ပေါ်လာမည် ကို ကျွန်ုပ်တို့ အမှတ်ရကြပါစို့။ ဤပြောင်းလဲခြင်းသည် ယခုမှစ နောက်ကာလအစဉ်အဆက်တွင် အရေးပါသော အသက်တစ်ခုရရှိရန် စ’မှတ်ဖြစ်သည်။
ဓမ္မအမှုဆောင်များသည် လောကီယဉ်ကျေးမှု (သုံးစွဲမှုဝါဒ) ကိုတွန်းလှန်သော အသိုင်းအဝိုင်း တည်ဆောက်နေကြသည်။ သူတို့က ကိုယ့်ရဲ့ဖြစ်တည်မှုကို ရှာဖွေခြင်းထက် ပို၍ကြီးမားသောအရာကို ရှာဖွေကြရန် နှင့် မျှော်လင့်ချက်၊ လိုအင်ဆန္ဒ များကို ဘုရားသခင် နှင့် ကြွယ်ဝသောဆက်ဆံရေး များ တွင်တွေ့ ရှိနိုင်ကြောင်း ညွှန်ပြနေကြသည်။
သင်ဘယ်အရာနောက် ပြေးလိုက်နေသလဲ? အသွင်ယူခြင်းလား၊ ပြောင်းလဲခြင်းနောက်လာ?
ဆုတောင်းချက် –
အထက်ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖ၊
အဖ၏အလိုတော်၌ ကျွန်ုပ်တို့၏စိတ်နှလုံးကို တည်ထားနိုင်ရန် ကြိုးစားလျက် အဖ၏ရှေ့တော်သို့ ကျွန်ုပ်တို့ချဉ်းကပ်ပါသည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်နှင့် လိုအင်ဆန္ဒများကို လောက၏ တဒင်္ဂကတိများတွင်မဟုတ်ဘဲ ကျွန်ုပ်တို့၏အသက်တာအတွက် ကိုယ်တော်ထားရှိသော ထာဝရရည်ရွယ်ချက်တွင် တည်ထားနိုင်ရန် ကူညီပေးပါ။ လောကစံနှုန်းများနှင့် ရုပ်ပစ္စည်းလိုက်စားမှုတို့ဖြင့် ပုံသွင်းထားသော ဤလောကတွင် ကိုယ်တော်၏သတင်းတရားကို ဝေမျှသည့်အခါ ကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ။ ဤလောကကျော့ကွင်းများတွင် ကျော့မိနေသည့်အခါ လမ်းညွှန်မှုအတွက် ကိုယ်တော်ကိုမှီခိုအားထားပြီး ယုံကြည်သူများအသိုင်းအဝိုင်းကို မှီခိုအားထားနိုင်ရန်မစမူပါ။ ကိုယ်တော်၏မေတ္တာနှင့် ကျေးဇူးတော်ကို ရောင်ပြန်ဟပ်သည့် ပြောင်းလဲသောအသက်တာသို့ ပို့ဆောင်ပေးပါ။
ယေရှု၏နာမကိုအမည်ပြု၍ ဆုတောင်းပါ၏။ အာမင်။
ဆွေးနွေးရန် မေးခွန်းများ –
၁။ သုံးစွဲမှုဝါဒ ကိုတွန်းလှန်ရန် အဘယ်သို့သော လက်တွေ့လုပ်ဆောင်မှုမျိုး လုပ်ဆောင်နိုင်သလဲ။
၂။ ဥပုသ်စောင့်ခြင်းက သုံးစွဲမှုဝါဒအား အဆက်ဖြတ်ပြီး ဘုရားသခင်နှင့်၊ လူလူချင်း ပြန်လည်ဆက်သွယ်ဖို့ ဘယ်လိုကူညီနေသလဲ။
၃။ ၃. “အသက်ရှင်သောယဇ်” ဖြစ်ခြင်းက “လောကီယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး ခရစ်တော်ကိုအဓိကထားသော အသိုင်းအဝိုင်းတစ်ခု”ကို တည်ဆောက်ရာတွင် သင့်အခန်းကဏ္ဍကို မည်သို့ပုံသွင်းနိုင်သနည်း။
Consumerism: It is the idea that increasing the consumption of goods and services purchased in the market is always a desirable goal, and that a person’s well-being and happiness depend fundamentally on obtaining consumer goods and material possessions. It is a social and economic order where individuals aspire to acquire goods and services beyond what is necessary for survival or traditional displays of status. In economics, consumer spending is considered a principal driver of economic growth and a measure of the success of a capitalist economy. Investopedia.com
Instant gratification – “the temptation, and resulting tendency, to forego future benefit to obtain a less rewarding but more immediate effect” (Oliviera)