တရားဟောချက် (၁)
ကြုံရာနေရာတစ်ခု (သို့မဟုတ်) ကျပန်းဆုံးဖြတ်ချက်တစ်ခုလား?
ကလီတန် ဖီတိုဆာ (သာသနာဝန်ပညာ ဒေါက်တာ)
အထူးအာရုံစိုက်ရန် – ခရစ်ယာန် သာသနာ
အဓိကကျမ်းချက် – ရှင်လုကာ ၁၉း၁၀
“ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။”
ကျွန်ုပ်တို့၏နယ်နိမိတ်ကိုကျော်လွန်ခြင်း — ခရစ်ယာန်သာသနာ၏ကမ္ဘာလုံးဆိုင်ရာခေါ်ဆိုမှု
ယနေ့မှာ မိတ်ဆွေတို့ရဲ့ နှလုံးသားများ၊ အကန့်အသတ်များနှင့် ကြောက်ရွံ့မှုများကို ကျော်လွှားပြီး ခရီးစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ယခုရှိနေတဲ့နေရာကတော့ ခရစ်တော်က သူ့ရဲ့သာသနာကိုစတင်ခဲ့တဲ့ နှစ်သိမ့်မှုတွေကိုပေးတဲ့ ဂါလိလဲမြေပြင်မှာဖြစ်ပြီး ကျွန်ုပ်တို့အကျွမ်းတဝင်ရှိတဲ့ ဝိညာဉ်ရေးနယ်ပယ်နဲ့ တူညီပါတယ်။ သို့ပေမဲ့လည်း ဒီနေ့ကြားရမယ့် သတင်းစကားရဲ့ အဓိကသော့ချက်ကတော့ သက်တောင့်သက်သာမရှိတဲ့နေရာများကိုသွားပြီး ဝိညာဉ်များကို ရိတ်သိမ်းဖို့ တိုက်တွန်းခေါ်ဆိုနေပါတယ်။
ခရစ်တော်၌ ရည်ရွယ်ချက်ရှိပါသည်
ရှင်မာကု ၄း၃၅ မှာ, ခရစ်တော်က သူရဲ့တပည့်တော်တွေကို လှုံ့ဆော်မှုဖြစ်စေတဲ့ ညွန်ကြားချက် “….အခြားတစ်ဖက်သို့သွားကြစို့။” ပေးတာကိုတွေ့ရပါတယ်။ ဆိုလိုတာကတော့ ကန်ရဲ့တခြားတစ်ဖက်ကမ်းဖြစ်ပါတယ်။
ယေရှုက ရဲတင်းတဲ့ဆုံးဖြတ်ချက်ချပြီး တပည့်တော်များနှင့်အတူ “အခြားတစ်ဖက်ခြမ်း” ဖြစ်တဲ့ “ဘုရားကိုမသိသောနယ်နိမိတ်” ကိုသွားရန်လုပ်ဆောင်ခဲ့ပါတယ်။ ထိုနယ်ပယ်မှာ အပြစ်မျိုးစုံကို ကျူးလွန်ပြီး ပျော်မွေ့နေကြတဲ့ လူတွေနေထိုင်ပါတယ်။ ယေရှုအတွက်ကတော့ သူဘယ်သွားနေလဲဆိုတာ ကောင်းကောင်းသိတဲ့ အတွက် ဒါက ကြုံသလိုချတဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ပါဘူး။
ဒီခရီးစဉ်ဟာ ဂါလိလဲကို ကျော်ဖြတ်ပြီး ဒေကာပေါလိမြို့အထိရိုးရိုးသွားရောက်ခြင်းမဟုတ်ပါဘူး။ ဒါက ကျွန်ုပ်တို့ အသက်တာနှင့် ယုံကြည်ခြင်းကို ပိုကြီးထွားအောင်ပြုလုပ်နိုင်မဲ့ ဝိညာဉ်ရေးပိုင်းဆိုင်ရာ ဆင့်ခေါ်ချက်ဖြစ်ပါတယ်။
ဒေကာပေါလိမြို့ဟာ မြို့ဆယ်မြို့နှင့်ဖွဲ့စည်းထားပြီး ရောမကိုသစ္စာစောင့်သိမှုအပြင် ဂျူးလူမျိုးတို့ရဲ့ ကိုယ်ကျင့်တရားL ဝိညာဉ်ရေးရှုထောင့်နှင့် လုံးဝဆန့်ကျင်သည့် အမြစ်စွဲနေသော အယူမှားဓလေ့ထုံးစံများကြောင့် နာမည်ကြီးပါတယ်။ ထို့အပြင် စည်းစိမ်ဥစ္စာ၊ အကြမ်းဖက်မှုနှင့် အပျော်အပါးလိုက်စားမှုတို့ကို ဘုရားကျောင်းများမှာ ကျင်းပလေ့ရှိတဲ့အတွက် ယေရှုဟောပြောခဲ့တဲ့ နှိမ့်ချမှု၊ ငြိမ်သက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းဆိုင်ရာ သတင်းစကားများကို အကြီးအကျယ်စိန်ခေါ်လျက်ရှိပါတယ်။ ယေရှုခေတ်က ဂျူးဘာသာရေးခေါင်းဆောင်များရဲ့ ထုံးတမ်းအစဉ်လာအရ ဒေကာပေါလိဟာ ခါနာန်နိုင်ငံ ခုနစ်နိုင်ငံ အခြေချနေထိုင်ခဲ့တဲ့ နေရာဖြစ်ပြီး လိင်မှု၊ အကြမ်းဖက်မှုနှင့် ချမ်းသာကြွယ်ဝမှုကို အားပေးအားမြှောက်ပြုတဲ့ ဂိုဏ်းတွေကျင်လည်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအားလုံးဟာ ဣသရေလလူမျိုးတို့ရဲ့ ယုံကြည်ခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ဒေကာပေါလိဟာ ရောမအာဏာရဲ့ ဗဟိုတစ်ခုလည်းဖြစ်ပြီး စစ်သား ၆,၀၀၀က “အခြားတစ်ဖက်”မှာ အခြေချခဲ့ပါတယ်။ စစ်တပ်အတွက် အမှတ်အသားက ဝက်ခေါင်းဖြစ်ပြီး ဒေကာပေါလိမြို့ဟာ ဝက်များကို ကိုးကွယ်တဲ့နေရာဖြစ်ပါတယ်။ ဂျူးလူမျိုးများက “အခြားတစ်ဖက်” ကို မှောင်မိုက်၊ ဆိုးညစ်ပြီး နတ်ဆိုးများနဲ့ ပြည့်နက်နေတဲ့အတွက် စာတန်နေထိုင်ရာအရပ်အဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဒီနေရာက ဘုရားသခင်မရှိတဲ့နေရာပါ။ အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်တောင် မသွားချင်တဲ့ နေရာတစ်ခုပါ။ “တစ်ဖက်ကမ်း” ကိုသွားတာက သူတို့ရဲ့ သက်သောင့်သက်သာဖြစ်တဲ့နယ်မြေနဲ့ အရမ်းကွာခြားပေမဲ့ သွားရောက်ဖို့ သဘောတူခဲ့ကြပါတယ်။ တကယ်တော့ ယေရှုက မိမိသွားမည့်နေရာကို အတိအကျသိတော်မူခဲ့ပါတယ်။
ရင်းနှီးကျွမ်းဝင်မှု မရှိသော နယ်ပယ်ကိုရဲဝံ့စွာ သွားရောက်ခြင်း
ရွက်လွှင့်နေချိန် တပည့်တော်များဟာ ရေပြင်ပေါ် ရေကြောင်းသွားလာရုံသာမဟုတ်ဘဲ သူတို့ရဲ့ အနက်ရှိုင်းဆုံးကြောက်ရွံ့မှုနှင့် မလိုမုန်းထားမှု၊ ဘက်လိုက်မှုစတဲ့ စိတ်အတွင်းမှာရှိတဲ့ ပင်လယ်ကိုလည်း ရုန်းကန်ဖြတ်ကူးခဲ့ကြရပါတယ်။ အစားအစာကန့်သတ်ချက်မရှိ သူတို့ရဲ့ အယူမှားဓလေ့ထုံးစံတွေဘဲရှိတဲ့ အပြစ်နဲ့ပြည့်ဝနေတဲ့နေရာကို မြင်ယောင်ကြည့်ပါ။ တပည့်တော်တွေက လှေကိုလှည့်ပြီး အိမ်ပြန်သွားမယ်ဆိုရင်တောင် ကျွန်တော်သူတို့ကို အပြစ်တင်မိမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ဒေကာပေါလိကမ်းခြေရောက်တဲ့အခါ သာမန်လူအုပ်မဟုတ်ဘဲ အပေါင်းအဖော်မဲ့ပြီး နတ်ဆိုးစွဲနေသူနှစ်ယောက်နှင့် တွေ့ဆုံခဲ့တဲ့အတွက် ယေရှုပတ်လည်မှာ စုဝေးလေ့ရှိတဲ့ လူအုပ်နှင့် လုံးဝကွာခြားနေခဲ့ပါတယ်။ လူများလာရောက်ပြီး ကြိုဆိုတဲ့ပွဲမရှိခဲ့ခြင်းကြောင့် “အခြားတစ်ဘက်” လို့အမည်ရတဲ့ နယ်ပယ်ရဲ့ ဝိညာဉ်ရေးပိုင်းဆိုင်ရာ ဆိတ်ညံမှုကို ပေါ်လွင်စေခဲ့ပါတယ်။
အံ့ဩဖွယ်နိမိတ်လက္ခဏာနှင့် ငြင်းပယ်ခြင်း
ယေရှုနှင့်တပည့်တော်တို့ ရောက်လာသည်နှင့်အမျှ မြင်ရသောအရာက စိတ်အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။
ရှင်မာကု ၅း၂-၅ “ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ၏။ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။ ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။ နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ်၏။”
ဒီမြင်ကွင်းဟာ ထူးခြားပြီးဆိုးဝါးနေပေမဲ့ ခရစ်တော်ရဲ့မျက်မှောက်တော်မှာတော့ ဘယ်အရာကမှ မပြောင်းလဲဘဲမနေနိုင်ပါဘူး။
ရှင်မာကု ၅း၆-၁၄
ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။
လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။ နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင်၊ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။
ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။
ကြောက်ရွံ့ခြင်းနှင့် ငြင်းပယ်မှု
အံ့ဩစရာပါဘဲ။ ဒီနတ်ဆိုးစွဲနေတဲ့သူရဲ့ခန္ဓာကိုယ်ထဲကနေ နတ်ဆိုးတွေချက်ချင်းထွက်သွားခဲ့ပြီး ပုံမှန်စိတ်ပြန်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂါလိလဲပြည်မှာလို ခရစ်တော်ရဲ့ကုသမှုကို ပွဲကျင်းပမဲ့အစား လူတွေရဲ့စိတ်ထဲမှာ ကြောက်ရွံ့မှုနှင့် ငြင်းပယ်မှုကကြီးစိုးခဲ့ပါတယ်။
ရှင်မာကု ၅း၁၅-၁၇
“ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေကာပေါလိမှာနေထိုင်တဲ့လူတွေက မပျော်ရွှင်ခဲ့သလို သဘာဝလွန် ပျောက်ကင်းသက်သာမှုကိုလည်း ပွဲမကျင်းပခဲ့ကြပါဘူး။ လောကအမြင်နှင့် ကြောက်ရွံ့မှုတို့အမြစ်တွယ်နေခြင်းကြောင့် ယေရှုရဲ့အံ့ဩဖွယ်လုပ်ဆောင်ချက်တွေကို မမြင်နိုင်သလို တန်ဖိုးလည်းမထားနိုင်ခဲ့ကြပါဘူး။ ဝမ်းမြောက်မှုအစား ကြောက်ရွံ့မှုနဲ့တုန့်ပြန်ခဲ့ကြပါတယ်။ သူတို့က “အိုး၊ ဒါက တန်ခိုးရှိတဲ့သူဘဲ၊ ကောင်းပါတယ်။” လို့ မကြွေးကြော်ခဲ့သလို “ကျွန်မမှာ ဖျားနာနေတဲ့ အမေ၊ စိတ်ဆင်းရဲနေတဲ့ ကလေး၊ ပြဿနာဖြစ်နေတဲ့ မိတ်ဆွေရှိတယ်၊ တန်ခိုးအာဏာရှိတဲ့ ဒီလူက သူတို့ကို ကူညီပေးနိုင်တယ်” လို့လည်း သူတို့ မထင်ခဲ့ကြပါဘူး။ အဲဒီအစား ယေရှုကို ထွက်သွားဖို့ဘဲ အသနားခံခဲ့ကြပါတယ်။ ယေရှုက တန်ခိုးရှိပေမဲ့ အခြားတစ်ဘက်က လာလို့ ဖြစ်ပါတယ်။ ဒေကာပေါလိမြို့မှာ နေထိုင်တဲ့သူတွေအတွက် “အခြားတစ်ဖက်” ကလာတဲ့သူက သူတို့ကို ထိခိုက်စေနိုင်သလို မကောင်းတဲ့အစီအစဉ်တစ်ခု ရှိနိုင်တယ်လို့ ထင်မြင်ကြပါတယ်။ နောက် အခြားတစ်ဖက်ကလာတဲ့ တစ်ယောက်ယောက်ဟာ အပေါ်စီးဆန်တဲ့သဘောထား ရှိသူ (သို့) ဝေဖန်တတ်သူ (သို့) ခပ်တန်းတန်းနေတတ်သူ ဖြစ်လိမ့်မယ်ဆိုပြီး မှတ်ချက်ချကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် သေချာတာကတော့ ” အခြားတစ်ဘက် ” ကလာတဲ့ တစ်စုံတစ်ယောက်ကို ကြောက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီတုံ့ပြန်မှုက ခရစ်တော်ရဲ့သတင်းစကားကို အကျွမ်းတဝင်မရှိသူ (သို့) ရန်လိုသူတွေကို ဝေငှတဲ့အခါမှာကြုံတွေ့ရတတ်တဲ ဆန့်ကျင်မှုကို ထင်ဟပ်နေပါတယ်။ မသိဖူးသောအရာကို ကြောက်ရွံ့ခြင်း၊ လက်ရှိစံနှုန်းများ နှင့် အာဏာများကိုစိန်ခေါ်ပြီး ပြောင်းလဲနိုင်တဲ့ အာဏာကို ကြောက်ရွံ့ ခြင်းက မကြာခဏ ငြင်းပယ်မှုဘက်ကို ဦးတည်စေနိုင်ပါတယ်။
ယေရှု လှေပေါ်တက်နေချိန် နတ်ဆိုးစွဲနေသူက အတူလိုက်ပါရန် တောင်းဆိုခဲ့ပါတယ်။ ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပါ– ဒီလူက ယေရှုရှေ့မှာ ပျပ်ဝပ်ပြီး အသနားခံပြီး “ဒီအမှောင်ထုထဲမှာ ကျွန်တော်တစ်သက်လုံး နေထိုင်ခဲ့တယ်၊ ဒါက ကျွန်တော့်အသက်တာကိုလည်း ဖျက်ဆီးခဲ့ပါပြီ။ ဒါကြောင့် ဒီနေရာကနေ ထွက်သွားပြီး ကိုယ်တော်နဲ့အတူ ရှိခွင့်ပေးတော်မူပါ။ ကျွန်တော်သိတဲ့သူတွေနဲ့ ကျွန်တော့်မှာရှိတဲ့အရာအားလုံးက သိပ်မများဘူး၊ ဒါပေမဲ့ ဒီအရာတွေအကုန်စွန့်လွှတ်ပြီး သခင့်နောက်ကိုလိုက်ချင်ပါတယ်။” လို့ လိုလားတောင့်တစွာနဲ့ငိုယိုပြီး တောင်းဆိုခဲ့ပေမဲ့ ယေရှုက မေတ္တာပါပါနဲ့ ငြင်းဆိုခဲ့ပါတယ် ။
ရှင်မာကု ၅း၁၉ “ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊” ထွက်ခွာသွားတဲ့လှေကိုကြည့်ပြီး ကျန်နေခဲ့တဲ့လူက ဘယ်လိုခံစားနေရမလဲဆိုတာ မြင်ယောင်ကြည့်ပါ။
သက်သေခံခြင်း၏တန်ခိုး
ဒီဇာတ်လမ်းမှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုရှိပါတယ်။ ကုသခံရသူဟာ ယေရှုနှင့်အတူ လိုက်ပါသွားခွင့်မရပေမဲ့ သူ့လူမျိုးတွေကြားမှာ ဆက်ပြီးသက်သေခံဖို့ တာဝန်ရခဲ့ပါတယ်။ တစ်ချိန်က နတ်ဆိုးတွေရဲ့ ထိန်းချုပ်မှုကိုခံခဲ့ရပြီး အခုတော့ ခရစ်တော်ရဲ့ လွတ်မြောက်မှုကိုရရှိခဲတဲ့လူဟာ အခြားတစ်ဖက်က ဘုရားတရားမဲ့ ဒေသဖြစ်တဲ့ ဒေကာပေါလိမှာ ပထမဦးဆုံး သာသနာပြု ဖြစ်လာခဲ့ပါတယ်။ သူက ယေရှုရဲ့ ညွှန်ကြားချက်များကို လိုက်လျှောက်ပြီး စတင်သက်သေခံခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုပြုနိုင်စွမ်းကို ကိုယ်တိုင်ကြုံတွေ့သိရှိထားပြီး သူကိုယ်တိုင်သက်သေခံချက်က သူ့ဇာတိမြေကလူများရဲ့နှလုံးသားကို ပျော့ပျောင်းစေခဲ့တဲ့ ခရစ်ယာန်သာသနာပြုတစ်ဦးရှိတယ်ဆိုတာ ကျွန်တော်တို့ယခုမြင်တွေ့ရပြီဖြစ်ပါတယ်။ လုကာ ၈:၃၈၊ ၃၉ ကိုလည်း ဖတ်ကြည့်ပါ။
လအတော်ကြာပြီးနောက် တစ်နေ့မှာ ယေရှုက တစ်ဖက်ကမ်းသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတစ်ခါတော့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ် — တစ်ချိန်က ကိုယ်တော်ကို ငြင်းပယ်ပြီး ရန်လိုခဲ့သောနယ်မြေက ပွဲကျင်းပပြီးကြိုဆိုခဲ့ကြပါတယ်။
ရှင်မဿဲ ၁၅း၂၉-၃၁
“ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။”
ဣသရေလလူမျိုးရဲ့ ဘုရားသခင်ကို သူတို့ချီးမွမ်းခဲ့ကြပါတယ်။ ယေရှုက “အခြားတစ်ဖက်”ကို ပထမဆုံးအကြိမ် သွားခဲ့ချိန်မှာ နတ်ဆိုးညှဉ်းဆဲခံရသူ တစ်ယောက်ဘဲရှိခဲ့ပြီး တစ်ခြားလူတွေက သူ့ကို ထွက်သွားဖို့ တောင်းပန်ခဲ့ကြပါတယ်။ ဒုတိယအကြိမ် ယေရှုပြန်ရောက်လာတဲ့အခါမှာတော့ အထူးခြားဆုံးတုံ့ပြန်မှုရရှိခဲ့ပါတယ်။ ဘာဖြစ်လို့ဒီလိုပြောင်းလဲသွားရတာလဲ? လူတစ်ယောက်က သူ့ရဲ့ဇာတ်ကြောင်းကို ပြောပြခဲ့လို့ဖြစ်ပါတယ်။ မာကု ၅:၂၀ က လူတစ်ယောက်ဟာ မြို့တစ်မြို့မှတစ်မြို့၊ ရပ်ကွက်တစ်ခုမှတစ်မြို့သို့ ခရီးသွားပြီး “ဤသူယေရှုအကြောင်းနှင့် ငါ့အတွက် သူပြုလုပ်ပေးခဲ့သည့်အရာများကို ပြောပြပါရစေ” လို့ဖော်ပြထားပါတယ်။ သူ့ရဲ့ သက်သေခံချက်က မြို့တစ်မြို့လုံးကို ပြောင်းလဲစေခဲ့ပါတယ်။ အစပိုင်းမှာ တပည့်တော်များနှင့် ယေရှုကိုယ်တိုင်တောင် မတတ်နိုင်တဲ့ “အခြားတစ်ဖက်” မှာနေထိုင်တဲ့လူတွေဆီ ရောက်ရှိနိုင်တဲ့နည်းလမ်းတစ်ခုကို ဒီလူကသိရှိခဲ့လို့ဖြစ်ပါတယ်။
ဒီပြောင်းလဲမှုက ကိုယ်ကိုယ်တိုင်သက်သေခံခြင်းဟာ ရိုးရာအစဉ်အလာနည်းလမ်းတွေ မရောက်ရှိနိုင်တဲ့နေရာတွေကို မကြာခဏ ထိုးဖောက်ဝင်ရောက်နိုင်ကြောင်းပြသနေပါတယ်။
ယခုခေတ်တပည့်တော်များကိုဖိတ်ခေါ်ခြင်း
ယနေ့ခေတ်မှာ ကျွန်ုပ်တို့အတွက် “အခြားတစ်ဖက်”က ဘာကိုဆိုလိုနေပါသလဲ။ ဒါက နတ်ဆိုးနယ်မြေ မဟုတ်ဘဲ အခြားသောနိုင်ငံ၊ အခြားသောအသိုင်းအဝိုင်း သို့မဟုတ် ဆန့်ကျင်သောအတွေးအခေါ်များ ဖြစ်နိုင်ပါတယ်။ ပထမဆုံးတပည့်တော်တွေလိုဘဲ ကျွန်ုပ်တို့ကိုလည်း သက်တောင့်သက်သာဖြစ်တဲ့နေရာကနေထွက်ပြီး မတူညီမှုတွေများတဲ့လူတွေနဲ့ ထိတွေ့ပြီး သဘောထားကွဲလွဲခြင်း၊ ဘက်လိုက်ခြင်းစတဲ့ အမှောင်ထုရဲ့တစ်ထောင့်တစ်နေရာကို ခရစ်တော်ရဲ့အလင်းတရားကို သယ်ဆောင်သွားရမှာဖြစ်ပါတယ်။ နတ်ဆိုးစွဲနေသူရဲ့အသက်တာ လုံးဝပြောင်းလဲသွားသလိုမျိုး သတင်းကောင်းကိုဝေမျှပေးဖို့ ကျွန်ုပ်တို့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသူများစွာရှိပါတယ်။ သူတို့က မျှော်လင့်ခြင်းကိုစောင့်မျှော်နေကြပါတယ်။ မေတ္တာကိုလည်း ဆာငတ်တောင့်တနေကြပါတယ်။ ဒါကြောင့် မိတ်ဆွေနဲ့ကျွန်ုပ်တို့ကို သူတို့ဆီအရောက်သွားဖို့ စောင့်ဆိုင်းနေကြပါတယ်။
နိဂုံးချုပ်
ကျွန်ုပ်တို့ရဲ့ ‘အခြားတစ်ဖက်’က ဘယ်လိုနေရာတွေဖြစ်နိုင်လဲဆိုတာကို တွေးတောတဲ့အချိန် ခရစ်တော်က ကျွန်ုပ်တို့ကို အဆင်ပြေမှုမဟုတ်ဘဲ ရဲရင့်မှုဆီရောက်အောင် ခေါ်ဆောင်နေတာကို သတိရကြပါစို့။ ကမ္ဘာလုံးဆိုင်ရာ သာသနာပြုခြင်းက ကျယ်ပြန့်တဲ့အတွက် နေရာဒေသအပြင် ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အတွေးအခေါ်ဆိုင်ရာ နယ်နိမိတ်များကိုပါ ကျော်လွန်ဖို့လိုအပ်ပါတယ်။
တပည့်တော်များနှင့် ဒေကာပေါလိမြို့က လူလိုဘဲ ကျွန်ုပ်တို့မှာ အစွမ်းထက်ဆုံးသော ကိရိယာပိုင်ဆိုင်ထားပါတယ် — ဒါက ကျွန်ုပ်တို့ရဲ့ သက်သေခံခြင်းနှင့် ခရစ်တော်ရဲ့ ပြောင်းလဲစေနိုင်သော ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
ဒီအလင်းကိုသယ်ဆောင်ပြီး ရှေ့ဆက်သွားနိုင်ဖို့ ရဲစွမ်းသတ္တိနှင့် ခွန်အားပေးရန်ဘုရားသခင်ကို ဆုတောင်းရင်း တစ်ချိန်က မထိုးဖောက်နိုင်ခဲ့တဲ့ ကြောက်ရွံ့မှု၊ ငြင်းပယ်မှုနံရံများက ကြိုဆိုလက်ခံခြင်းတံခါးများအဖြစ် ပြောင်းလဲသွားမှာကို စောင့်ကြည့်ကြပါစို့။
ဆုတောင်းချက်
ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဖ
ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာရောက်ရှိလာဖို့ တိုက်တွန်းတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကမ္ဘာတစ်ဝန်းကိုသွားပြီး အခြားသူတွေကို ကိုယ်တော့်အကြောင်းသင်ပေးဖို့ တာဝန်ပေးအပ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အစောပိုင်းတမန်တော်များကဲ့သို့ ကိုယ်တော့်ရဲ့ကမ္ဘာအကြောင်းဝေငှဖို့ ရဲစွမ်းသတ္တိနှင့် ခွန်အားပေးတော်မူပါ။ ကျွန်ုပ်တို့ကို စိတ်ဓာတ်မကျကြဖို့လည်းမစတော်မူပါ။ အရာခပ်သိမ်းအတွက် ကျေးဇူးတင်ပါတယ်။ အာမင်။
ဆွေးနွေးရန်မေးခွန်းများ
၁။ “တစ်ဖက်ကမ်း” ကိုဖြတ်ကူးဖို့ ယေရှုရဲ့တမင်တကာ ဆုံးဖြတ်ချက်က ကျွန်ုပ်တို့၏သက်သောင့်သက်သာနယ်မြေမှ ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး ဘာကိုသင်ပေးနေပါသလဲ။ ယဉ်ကျေးမှု၊ အယူအဆ သို့မဟုတ် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့နှင့်မတူသော လူများ သို့မဟုတ် အသိုင်းအဝိုင်းနှင့် ပေါင်းသင်းရတဲ့အခါ ဤသင်ခန်းစာကို ကျွန်ုပ်တို့၏အသက်တာမှာ ဘယ်လိုသို့ကျင့်သုံးနိုင်ပါသလဲ။
၂။ ယေရှု၏အံ့ဖွယ်တန်ခိုးကို ဒေကာပေါလိမြို့သားတွေ ကြောက်ရွံ့ခြင်း၊ ငြင်းပယ်ခြင်းနဲ့ တုန့်ပြန်ခဲ့ပုံက သတင်းစကားကို အကျွမ်းတဝင်မရှိ၊ ရန်လိုတဲ့ပတ်ဝန်းကျင်မှာ ဟောပြောရတဲ့အခါ ယနေ့ခေတ်ခရစ်ယာန်များရင်ဆိုင်ရသော စိန်ခေါ်ချက်များကို ဘယ်လိုထင်ဟပ်ပြသနေပါသလဲ။ ကျွန်ုပ်တို့ရဲ့ သတင်းစကားကို အစပိုင်းမှာ လက်မခံတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။
၃။ နတ်ဆိုးစွဲခြင်းမှ ပျောက်ကင်းသွားသောသူက မိမိလူမျိုးတွေကို ယေရှုအကြောင်း သက်သေခံရန် တာဝန်ရခဲ့ပြီး သူရဲ့ သက်သေခံချက်က ဒေသတစ်ခုကို ပြောင်းလဲသွားစေခဲ့ပါတယ်။ မိမိကိုယ်တိုင်သက်သေခံခြင်းက ဧဝံဂေလိဟောပြော ခြင်းမှာ အဘယ်အခန်းကဏ္ဍက ပါဝင်နေပါသလဲ။ ဘာအကြောင်းကြောင့် ပုံမှန်နည်းလမ်းများထက် ပိုပြီးသက်ရောက်မှုရှိနေပါသလဲ။ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ပြောင်းလဲမှု အတ္ထုပ္ပတ္တိတွေကို ကျွန်ုပ်တို့နေထိုင်တဲ့ အသိုင်းအဝိုင်း (သို့) အခြားနေရာမှာ နေထိုင်သူများအထိ ရောက်ရှိစေရန် ဘယ်လိုအသုံးပြုလို့ရနိုင်ပါသလဲ။