Sermon 8
မြို့ကြီးများ၏ ပုံရိပ်
Bledi Leno
အဓိက အာရုံစိုက်ရန်– မြို့ကြီးများ
ကျမ်းချက်: ဗျာဒိတ် ၂၁:၂–၃
2 သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။
3 ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ကျွန်ုပ်တို့အားလုံးကို အံ့အားသင့်စေမည့်အချက်မှာ ကျမ်းစာသည် တကယ်တော့ မြို့ပြဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်နေခြင်းပင်ဖြစ်သည်။
မောရှေ၊ ဒါဝိဒ်၊ ဒံယေလနှင့် ယေရှုတို့၏ နေထိုင်စဉ်က ကမ္ဘာအခြေအနေ သည် မြို့ပြအခြေအနေ ဖြစ်နေသည်ကို ကျွန်ုပ်တို့ နားလည်ရန် ခက်ခဲနိုင်ပါသည်။ သို့သော် သူတို့နေထိုင်စဉ်တွင် ကမ္ဘာအခြေအနေ ထိုခေတ်မတိုင်မီ သို့မဟုတ် နောက်ပိုင်း နှစ်ပေါင်း (၁၅၀၀) ကျော်အထိ မည်သည့်ယဉ်ကျေးမှုထက်မဆို ပို၍ မြို့ပြဆန်နေခဲ့မှာ အမှန်ဖြစ်သည်။
ကျမ်းစာရေးသားခဲ့သည့် ခေတ်ကာလသည် မြို့ကြီးများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေခဲ့သည်။ ဘီစီ (၂၀၀၀) ခန့်တွင် အာဗြဟံ၏ မြို့ဖြစ်သော ဦးရ်မြို့၏ လူဦးရေမှာ (၂၅၀,၀၀၀) ရှိခဲ့သည်။ ယောန ၃:၃ အရ ရှေးဟောင်း နိနေဝေမြို့သည် လမ်းလျှောက်၍ ဖြတ်သန်းရန် သုံးရက်ကြာလောက်အောင် ကြီးမားတဲ့မြို့လေး ဖြစ်ခဲ့သည်။
နေဗုခဒ်နေဇာ၏ ခေတ်ကာလတွင် ဗာဗုလုန်မြို့သည် အံ့သြဖွယ်ကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး မြို့ရိုးများသည် (၁၁) မိုင်ရှိခဲ့ကာ ရေနှင့် ဆည်မြောင်းစနစ် (ရေဖြင့် လောင်းချရသော အိမ်သာများ ပါနိုင်) စသည့် (၁၉) ရာစုနှောင်းပိုင်းအထိ မည်သည့်စနစ်ကမှ မယှဉ်နိုင်ခဲ့ပေ။
ဓမ္မသစ်ကျမ်းခေတ်တွင် ဧဖက်မြို့ဖြစ်သည့် Arcadius လမ်းများတွင် မီးလင်းစနစ်များ ရှိခဲ့ပြီး Ammianus သည် “ညအချိန်တွင် မီးအိမ်များ၏ အလင်းရောင်သည် နေ့အလင်းနှင့် များစွာမကွာခြားခဲ့ပေ” ဟု ရေးသားခဲ့သည်။
အန်တိအုတ်မြို့တွင် colonnaded streets တိုင်များစီတန်းထားသော လမ်းများသည် ၁၆ မိုင်ရှိခဲ့သည်။
တမန်တော်ပေါလု၏ ခေတ်ကာလတွင် ရောမမြို့၏ လူဦးရေမှာ တစ်သန်းကျော်ရှိခဲ့ပြီး လူသားသမိုင်းတွင် ပထမဆုံးသော လူဦးရေ တစ်သန်းကျော်သည့် မြို့တစ်မြို့ ဖြစ်ခဲ့သည်။ လမ်းများသည် လူအများကြောင့် ပြည့်ကျပ်နေပြီး နေ့အချိန်တွင်ပင် မြို့လယ်အတွင်း၌ ယဉ်များဝင်ရောက်ခွင့် တားမြစ်ခဲ့ရသည်။ ချမ်းသာ သူများသည် ကြီးမားသော ကိုယ်ပိုင်အိမ်ကြီးများတွင် နေထိုင်ခဲ့ကြပြီး အလယ်တန်းစားများသည် ခေတ်မီသော တိုက်ခန်းများတွင် နေထိုင်ခဲ့ကြသည်။ သို့သော် ဆင်းရဲသားများ (ရောမမြို့၏ လူဦးရေအများစု) သည် ၄၆,၀၀၀ ရှိသော tenement houses တိုက်ခန်းများတွင် နေထိုင်ခဲ့ကြပြီး အများစုမှာ (၈) ထပ်မှ (၁၀) ထပ်အထိ မြင့်မားခဲ့သည်။ ပထမဆုံး အထပ်မြင့် တိုက်ခန်းများကို ချီကာဂိုတွင်ဆောင်တည်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ထောင်နီးပါးက ရှေးခေတ်ရောမတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်း AC (312 to 315) အတွင်း Lanciana ၏ အများပြည်သူဆိုင်ရာ လုပ်ငန်းများစာရင်းကို ကျွန်ုပ်တို့ ကြည့်သောအခါ မြို့တော်၏ ကြီးမားလှသော အတိုင်းအတာကို နားလည်နိုင်ပါသည်။
“… နန်းတော် ၁,၇၉၀ ခု၊ ရေချိုးခန်း ၉၂၆ ခု၊ ပန်းခြံ ၃၀ နှင့် ဥယျာဉ် ၈ ခု၊ အများသုံးပြုနိုင်သော ရေကန်များ ၇၀၀ နှင့် ရေပန်း ၅၀၀၊ ရေလှောင်ကန် ၁၃၀ ခု၊ ပေါင်မုန့်ဖုတ်သည့်နေရာ ၂၅၄ ခု၊ ဂိုဒေါင် ၂၉၀ ခု၊ တံခါးပေါက် ၃၇ ခု၊ စကျင်ကျောက်တံတား ၃၆ ခု၊ ဆည်းလည်းရုံ ၂ ခု၊ ပြဇာတ်ရုံ ၃ ခု၊ စာကြည့်တိုက် ၂၈ ခု၊ ဂလာဒီယေးတာကျောင်း ၄ ခု၊ ရေကစားပွဲ ၅ ရုံ၊ ကျောက်တိုင်ကြီး ၆ ခု၊ တံတား ၈ ခု၊ ရေလမ်းကြောင်း ၁၉ ခု၊ ကြေးရုပ်တု ၃,၇၈၅ ခု၊ ထွင်းထုရုပ်တု ၁၀,၀၀၀ ခု။”
ကျမ်းစာထဲတွင်ရှိသော ဘုရားသခင်၏ လူများသည် မြို့ပြ လူများဖြစ်ခဲ့သည်။
- ဒါဝိဒ်သည် ယေရုရှလင်မြို့၏ ဘုရင်ဖြစ်ခဲ့သည်။
• ဟေရှာယနှင့် ယေရမိသည် ယေရုရှလင်မြို့အတွက် အပ်နှံထားတဲ့ ပရောဖက်များဖြစ်ခဲ့သည်။
• ဒံယေလသည် ဗာဗုလုန်မြို့၏ မြို့တော်ဝန်အဖြစ် ခန့်အပ်ခံရတယ်။ - နေဟမိသည် မြို့ပြစီမံကိန်းရေးဆွဲသူ၊ လူမှုအဖွဲ့အစည်းတည်ထောင်သူနှင့် ယေရုရှလင်မြို့၏ အုပ်ချုပ်သူဖြစ်ခဲ့သည်။
• ပေါလုသည် ရောမအင်ပါယာ၏ အဓိကမြို့ကြီးများသို့ ခရစ်ယာန်သာသနာပြုသူဖြစ်ခဲ့သည်။
• ယောဟန်သည် လူသားများအတွက် ဘုရားသခင်၏ နောက်ဆုံးရည်ရွယ်ချက်ကို ဖော်ပြနိုင်စရာမရှိသော မြို့တစ်မြို့အဖြစ် မြင်ယောင် ဖော်ပြခဲ့သည်။
• ယေရှု၏ ရွေးနှုတ်ခြင်းလုပ်ငန်း (Plan of salvation) သည် ရောမနိုင်ငံ၏ နိုင်ငံရေးအာဏာနှင့် ဂျူး ယဇ်ပုရောဟိတ်များ၏ ဘာသာရေးလွှမ်းမိုးမှုများနှင့် ပေါင်းစပ်ပြီး ဘုရားသခင်၏သားတော်ကို သတ်ဖြတ်သည့် မြို့တစ်မြို့တွင်သာ ဖြစ်ပျက်နိုင်ခဲ့သည်။
• ပေါလု၏ စာများသည် မြို့ကြီးများရှိ ခရစ်ယာန်အသင်းတော်များအတွက် မြို့ပြအတွင်း သာသနာပြုရန် လမ်းညွှန်ချက်များဖြစ်ခဲ့သည်။
ကျမ်းစာသည် ထိုသို့ မြို့ပြဆိုင်ရာ စာအုပ်ဖြစ်ပါလျက် ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုသို့ မမြင်နိုင်ပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကျမ်းစာကို ကျေးလက်ဒေသဆိုင်ရာ ဘာသာရေးအမြင်ဖြင့် ချဉ်းကပ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာကို ဖတ်သောအခါ “မြို့” အစား “ကျေးလက်/ရွာ” အဖြစ် တွေးကြပါသည်။ ကျွန်ုပ်တို့သည် ကျေးလက်မျက်မှန်ဖြင့် ဖတ်ရှုနေခြင်းဖြစ်သည်။
၁၂ ရာစုအထိ ဥရောပမြို့များသည် သိသာထင်ရှားစွာ ကြီးထွားလာခြင်း မရှိခဲ့ပါ။ ထို ၁၂ ရာစုအချိန်တွင်ပင် ကျမ်းစာထဲက မြို့များနှင့် နှိုင်းယှဉ်ကြည့်လျှင် သေးငယ်လှသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် လူဦးရေ ၁၀၀,၀၀၀၊ အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် ၄၅,၀၀၀၊ အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ၉၀,၀၀၀ ရှိခဲ့သည်။ ရောမမြို့ ကျဆင်းပြီးနောက် ဥရောပသည် လူဦးရေ သန်းချီသော နောက်ထပ်မြို့တစ်မြို့ကို ပေါ်ထွက်ရန် နှစ်ပေါင်း တစ်ထောင့်သုံးရာနီးပါး ကြာမြင့်ခဲ့ရသည်။ ၁၈၂၀ နှစ်တွင်သာ လန်ဒန်မြို့ ဖြစ်လာခဲ့သည်။
ကျမ်းစာသည် မြို့ပြအရှေ့အလယ်ပိုင်းတွင် ရေးသားခဲ့သော်လည်း ခရစ်ယာန်ယုံကြည်ချက်၏ အဓိက သီအိုရီများကို ကျေးလက်ဥရောပတွင် ဖွံဖြိုးစေခဲ့သည်။ ခရစ်ယာန်ဘာသာ၏ ပထမဆုံးသော သီအိုလိုဂျီ ပညာရှင်များဖြစ်သည့် ရှင်ပေါလု၊ ဒမတ်စကပ်မြို့မှ ယောဟန်၊ အော်ဂတ်စတင်း၊ အန်ဆလင်၊ အကူးနား၊ လူသာ၊ နှင့် ကယ်လ်ဗင်တို့သည် ကျေးလက်ဥရောပ၏ ကျေးလက်ရှုထောင့်မှ သီအိုရီများကို ဖွံ့ဖြိုးစေခဲ့သည်။
ကျမ်းစာသည် ကျွန်ုပ်တို့၏ လက်ရှိမြို့ (modern year) ကို မည်သို့မြင်သနည်း။
လက်ရှိနေထိုင်နေသောမြို့သည် ဣသရေလဘုရားသခင်နှင့် အသင်းတော်အကြားနှင့် လောကနတ်ဘုရား အကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲ၏ အဓိကနေရာဖြစ်သည်။
ဗာဗုလုန်နှင့် ယေရုရှလင်
ဗာဗုလုန်သည် ကျမ်းစာတစ်လျှောက်လုံးတွင် စာတန်၏ လက်အောက်သို့ အပြည့်အဝရောက်ရှိနေသော မြို့ သင်္ကေတအဖြစ် အသုံးပြုခဲ့သည်။
ဤမြို့ကို ပထမဆုံးအကြိမ် ကမ္ဘာဦးကျမ်း (၁၁) တွင် မိတ်ဆက်ခဲ့သည်။ ထိုအချိန်က လူသားများသည် ဗာဗုလုန်မျှော်စင်ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားသခင်သည် သူတို့၏ ဘာသာစကားများကို ရှုပ်ထွေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတို့က “လာကြ၊ ကိုယ့်အတွက် မြို့တစ်မြို့နှင့် ကောင်းကင်အထိ မျှော်စင်တစ်ခုကို တည်ဆောက်ကြစို့၊ ကိုယ့်နာမည်ကို ကျော်ကြားစေကြစို့” ဟု ပြောဆိုခဲ့ကြသည် (ကမ္ဘာဦးကျမ်း ၁၁:၄)။
ဗာဗုလုန်သည် ကျမ်းစာတွင် ဗျူရိုကရေစီစနစ် (ရှုပ်ထွေးပြီး ဖိနှိပ်တဲ့ အုပ်ချုပ်ရေးစနစ်)၊ ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော၊ လူသားများကို မလူမှုပြုသော (ပြည်သူ့အကျိုးထက် ကိုယ့်အကျိုးကို ဦးစားပေး) လူမှုစနစ်ဖြစ်သည်။ ဆင်းရဲသားတွေကို အမြတ်ထုတ်တဲ့ စီးပွားရေးစနစ်၊ ဖိနှိပ်တဲ့ နိုင်ငံရေး၊ အာဏာနှင့် ချမ်းသာမှုကို ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း၊ ဘုရားသခင်နှင့် ပဋိညာဉ်ကို ငြင်းပယ်တဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်ထားပါတယ်။ (ဟေရှာယ ၁၄:၅-၂၁၊ ယေရမိ ၅၀:၂-၁၇၊ ၅၁:၆-၁၀၊ ဒံယေလ ၃:၁-၇၊ ဗျာဒိတ် ၁၇:၁-၆၊ ၁၈:၂-၁၉၊ ၂၄)။ ဗာဗုလုန်၏ မှောင်မိုက်ပြီး ဆိုးယုတ်သည့်အရာများစွာကို ကျမ်းစာတစ်လျှောက်လုံးရှိ မြို့များ (ယေရုရှလင်မြို့တွင်ပင်) တွင် ပြန်လည်တွေ့ရှိရသည်။
ယေရုရှလင်မြို့ကိုတော့ ဘုရားသခင်၏မြို့တော်အဖြစ် စံပြပုံစံနှင့် မြင်ကြပါတယ်။ ယေရုရှလင်မြို့မြို့ကိုလည်း မယ်လ်ခိဇေဒက်၊ ရှာလင်မြို့၏ ဘုရင် (ရှာလင်ဆိုတာ ယေရုရှလင်မြို့မြို့၏ အရင်နာမည်ပါ) ပုံစံနှင့် ကမ္ဘာဦးကျမ်း ၁၄:၁၇-၂၄ မှာ မိတ်ဆက်ထားပါတယ်။
ယေရုရှလင်မြို့ကို ဘုရားသခင်နှင့် သက်ဆိုင်တဲ့ မြို့တော်အဖြစ် ရည်ရွယ်ထားတဲ့အတိုင်း မြို့ကိုဂုဏ်ပြုကြပါတယ်။ လူမှုရေးစနစ်တစ်ခုအနေဖြင့် ဘုရားသခင်၏ ရှာလုံ ကိုသက်သေခံဖို့ တောင်းဆိုထားပါတယ်။ ဆာလံ ၁၂၂:၆-၉ မှာ “ယေရုရှလင်မြို့၏ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြလော့…” လို့ဆိုထားပါတယ်။ ဆာလံ ၁၄၇:၂ မှာ “ထာဝရဘုရားသည် ယေရုရှလင်မြို့မြို့ကို တည်ဆောက်တော်မူ၍၊ ဣသရေလလူတို့တွင် အရပ်ရပ်သို့ ကွဲပြားသောသူတို့ကို စုသိမ်းတော်မူ၏” လို့ဆိုထားပါတယ်။ စီးပွားရေးအဖွဲ့အစည်းအနေနှင့် တရားမျှတတဲ့ စီမံခန့်ခွဲမှုနှင့် လူမှုရေးနှင့် နိုင်ငံရေးမှာ တရားမျှတတဲ့ အသက်ရှင်မှုကို ကျင့်သုံးဖို့ ရည်ရွယ်ထားပါတယ်။
နောက်ဆုံးအနေဖြင့် ယေရုရှလင်မြို့ကို ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ယုံကြည်ကိုးစားခြင်းနှင့် ယုံကြည်ခြင်းဖြင့် အသက်ရှင်သော စံပြမြို့တော်၊ ကမ္ဘာ၏ ဝိညာဉ်ရေးရာ ဗဟိုချက်အဖြစ် ပုံဖော်ထားပါသည် (ဟေရှာယ ၈:၁၈၊ မိက္ခာ ၄:၁၊ တရားဟောရာ ၁၇:၁၄-၂၀)။
မြို့တိုင်းတွင် ဗာဗုလုန်နှင့် ယေရုရှလင်မြို့ နှစ်ခုလုံးရှိသည်။ အကြောင်းမှာ မြို့တိုင်းသည် ဗာဗုလုန်နတ်ဘုရား (ဗာလ၊ စာတန်) နှင့် ယေရုရှလင်မြို့ ဘုရားသခင် (ယာဝေး၊ ထာဝရဘုရား) တို့၏ အုပ်စိုးမှုနှင့် ထိန်းချုပ်မှုအတွက် တိုက်ပွဲဖြစ်သည့် နေရာဖြစ်သောကြောင့်ဖြစ်သည်။
ယေရုရှလင်အတွင်း၌ ဗာဗုလုန်
ယေရုရှလင်၏ မူရင်းအဓိပ္ပါယ်ကို ကြည့်မယ်ဆိုရင်၊ မီလာဘာရိုးစ်လို (Millar Burrows) ကျမ်းစာပညာရှင်တွေက ဒီနာမည်၏ အဓိပ္ပါယ်အမှန်မှာ “ရှာလင်၏ အုတ်မြစ်” လို့ ထောက်ပြခဲ့ကြပါတယ်။
ယေရုရှလင်ဟူသော နာမည်ထဲတွင် မြို့တိုင်း၏ တင်းမာမှုများကို ဖော်ပြထားသည်။ ယေရုရှလင်သည် ယာဝေးဘုရားသခင်၏ မြို့၊ ဘုရားသခင်၏ မြို့ဖြစ်သည်။ Je-rusalem ဆိုတာ ယာဝေးဘုရားသခင်၏မြို့၊ Jeru-salem ဆိုတာ ဗာလ (သို့မဟုတ် စာတန်) ၏မြို့အဖြစ် ဖော်ပြနိုင်ပါသည်။ ထိုမြို့ထဲတွင် အင်အားနှစ်ခု၏ စွမ်းအားနှင့် လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဤမြို့သည် ဘုရားသခင်နှင့် စာတန်တို့ကြား လူများနှင့် သူတို့၏ ဖွဲ့စည်းပုံများကို ထိန်းချုပ်ရန် စစ်ပွဲဖြစ်နေသော စစ်မြေပြင်ဖြစ်သည်။
ယေရုရှလင်မြို့မြို့တော် သတို့သမီး:
ယေဇကျေလ ၁၆:၁-၁၄ တွင် မြို့တော်အပေါ် ဘုရားသခင်၏ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို အထင်ရှားဆုံး မြင်တွေ့ရတာကတော့ ယေဇကျေလအနေဖြင့် ဘုရားသခင်သည် ယေရုရှလင်မြို့မြို့ကို ချစ်မြတ်နိုးခဲ့သည်လို့ ပြောပြခြင်းပဲ ဖြစ်ပါသည်။။
ဟေရှာယ ၆၀:၁-၂၊ ၁၄-၂၁
“ထလော့၊ အလင်းရောင်ရှိသောကြောင့် ထွန်းလင်းလော့။ ထာဝရဘုရား၏ ဘုန်းတော်သည် သင့်အပေါ်သို့ တက်လာပြီ” (ဟေရှာယ ၆၀:၁-၂)။
“သင့်ကို ညှဉ်းဆဲခဲ့သူတို့၏ သားများသည် သင့်ထံသို့ လာကြလိမ့်မည်။ သင့်ကို မုန်းတီးခဲ့သူတို့သည် သင့်ခြေရင်းတွင် ပျပ်ဝပ်ကြလိမ့်မည်။ သင့်ကို ထာဝရဘုရား၏ မြို့တော်၊ ဣသရေလ၏ သန့်ရှင်းသော ဇိအုန်မြို့ဟု ခေါ်ကြလိမ့်မည်” (ဟေရှာယ ၆၀:၁၄-၁၅)။
ဘုရားသခင်သည် မြို့တော်ကို ဖန်ဆင်း၊ ချစ်မြတ်နိုး၊ ထိန်းသိမ်း၊ ကယ်တင်ခဲ့ခြင်းသည် ဘုရားသခင် ရည်ရွယ်တဲ့ မြို့တော်အဖြစ် ပြောင်းလဲနိုင်ဖို့ရန်ဖြစ်သည်။ ပြောင်းလဲခြင်းခံရတဲ့ အသိုင်းအဝိုင်းအနေနှင့် မြို့တော်အနေဖြင့် ကမ္ဘာအတွက် မီးပြတိုက်တစ်ခုဖြစ်လာပြီး နိုင်ငံနှင့် ကမ္ဘာအတွက် ဘုရားသခင်၏ လက်ရာကို ထင်ရှားစေဖို့ရန်ဖြစ်ပါတယ်။
ယောန ၃:၂ မှာ “ထလော့။ ထိုကြီးစွာသော နိနေဝေမြို့သို့ သွား၍၊ ငါမှာထားသော စကားကို ထိုမြို့သားတို့အား ဟောပြောလော့” လို့ ဖော်ပြထားပါတယ်။
ယောန ၄:၁၀-၁၁ မှာ “ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မစိုက်ပျိုး၊ မပြုစုဘဲ တညဉ့်အတွင်း၌ ပေါက်၍ တညဉ့်အတွင်း၌ ပျက်စီးသော စားပင်ကို နှမြောတတ်လျှင်၊ လက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သော သူတသိန်းနှစ်သောင်းကျော်နှင့် များစွာသော တိရစ္ဆာန်များရှိသော ကြီးစွာသော နိနေဝေမြို့ကို ငါသည် အဘယ်ကြောင့် မနှမြောဘဲ နေရမည်နည်း” လို့ ဖော်ပြထားပါတယ်။
ဒီကျမ်းချက်များကို ကြည့်ရှုရာတွင် ဘုရားသခင်သည် မြို့တော်ဖြစ်သော ယေရုရှလင်မြို့ကို ဂရုစိုက်ခြင်း၊ ဆိုးယုတ်ပြီး တခြားကိုးကွယ်မှုတွေရှိသော မြို့တော်ကိုလည်း ဂရုစိုက်ခြင်းကို တွေ့ရပါသည်။ မြို့များသည် ဘုရားသခင်အတွက် အရေးပါခဲ့ပါတယ်။ သို့ပေမယ့် သင်တို့အတွက်ရော မြို့များ အရေးပါပါသလား။
ဆိုးယုတ်ခြင်း (မကောင်းမှု) တစ်ဦးချင်းလော၊ အစုအဖွဲ့လော။
ဧဝံဂေလိ ပရိုတက်စတင့်များသည် ဘုရားသခင်၏ ကယ်တင်ခြင်းလုပ်ငန်းအပေါ် အဓိကထားပြီး ဘာသာရေး အယူအဆတွေကို တည်ဆောက်လေ့ရှိပါတယ်။ အထူးသဖြင့် လူကြိုက်များပြီး အသေးစိတ်မစဉ်းစား ကြသောပုံစံများစသည့် ဧဝံဂေလိတရားကို သမိုင်းကြောင်းအရတစ်ဦးချင်း ကယ်တင်ခြင်းအကြောင်းနှင့် အပြစ်သားတွေကို ခရစ်တော်ဆီ ခေါ်ဆောင်ခြင်းအကြောင်းကို ဟောကြားခဲ့ကြပါတယ်။
ဒီလိုချဉ်းကပ်မှု၏ အန္တရာယ်ကတော့ ကယ်တင်ခြင်း၏ တစ်ဦးချင်း ရှုထောင့်ကိုသာ အလေးထားသူတွေဟာ မကောင်းမှု၏ အပြည့်အဝအတိုင်းအတာကိုလည်း နားမလည်နိုင်သလို ခရစ်တော်၏ အပြည့်အဝ ကယ်တင်ခြင်း လုပ်ငန်းကိုလည်း တန်ဖိုးမထားနိုင်ခြင်းပဲ ဖြစ်ပါသည်။
ကျွန်ုပ်တို့ကြည့်ရှုသောအခါ ကျမ်းစာသည် ကယ်တင်ခြင်းကို တစ်ဦးချင်းရော အဖွဲ့အစည်းဆိုင်ရာရော နှစ်မျိုးလုံးအဖြစ် တင်ပြကြောင်း တွေ့ရသည်။ ကျမ်းစာရေးသူများသည် မကောင်းမှုကို ထိုသို့နားလည်ခဲ့ကြသည်။ ကယ်တင်ခြင်းခံရသော အခြေအနေကို ဖော်ပြရန် အဖွဲ့အစည်းဆိုင်ရာ ပုံရိပ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားသည်ကို သတိပြုရန်ဖြစ်သည်။ဥပမာ ပဋိညာဉ်လူမျိုး၊ Israel နိုင်ငံ၊ ဘုရားသခင်၏လူမျိုး၊ အကြွင်းအကျန်၊ ဘုရားသခင်၏နိုင်ငံတော်၊ အသင်းတော်၊ ယေရုရှလင်မြို့သစ် စသည်တို့ဖြစ်သည်။
မြို့၏ စနစ်များ
မြို့တစ်ခု၏ ကောင်းမွန်ဖို့အတွက် စီမံခန့်ခွဲတဲ့ စနစ်တွေများသည် စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေးတွေနှင့် ဖွဲ့စည်းကြသည်လို့ အများက သဘောတူကြပါသည်။
မောရှေ၏ နောက်ဆုံးမိန့်ခွန်းတွင် ဘုရားသခင်အောက်၌ အသက်ရှင်သော နိုင်ငံတော်သစ်တစ်ခုအကြောင်း ကြီးမားသောအိပ်မက်ကို Israel လူမျိုးများအား သတိပေးခဲ့သည်။ ထိုလူ့အဖွဲ့အစည်းသစ်ကို သဲကန္တာရထဲမှာ ဂရုတစိုက် တည်ဆောက်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
သို့သော် ယခုအခါ မောရှေသည် တရားဟောရာကျမ်း ၆ တွင် လူတို့အား သင်တို့သည် မြေသစ်သို့ ဝင်ရောက်ရန် ရှိသည်ဟု ပြောခဲ့သည်။ ထိုမြေသစ်သည် သင်တို့၏ အသက်ရှင်ပုံကို လက်မခံသော၊ နားမလည်သော ဘာသာမဲ့များနှင့် ပြည့်နေလိမ့်မည်။ ထိုမြေသစ်တွင် ကြီးမားသော ချမ်းသာကြွယ်ဝမှုများ ရှိလိမ့်မည်။ ထိုချမ်းသာကြွယ်ဝမှုများသည် သင်တို့၏ လမ်းစဉ်ကို ပျက်စီးစေနိုင်သည်။ ထိုမြေသစ်သည် သင်တို့အား ကြီးမားသော အောင်မြင်မှုများ ပေးလိမ့်မည်။ ထိုအောင်မြင်မှုများသည် သင်တို့အား ဘုရားသခင်အပေါ် မှီခိုမှုကို ပျက်စီးစေနိုင်သည်။ ဤမြေသို့ရောက်လျှင် သင်တို့၏လမ်းစဉ်ကို ဆန့်ကျင်မည့်သူများ၊ သင်တို့၏ယုံကြည်ခြင်းကို တိုက်စားမည့် ချမ်းသာကြွယ်ဝမှုများ၊ သင်တို့၏ဘုရားသခင်အပေါ် မှီခိုမှုကို ပျက်ပြားစေမည့် အာဏာများဖြင့် သင်တို့ ရင်ဆိုင်ရလိမ့်မည်။
ဆက်ဆံရေးဆိုင်ရာ ဘာသာရေး
ကျမ်းစာအရ မောရှေသည် တရားဟောရာ ၆:၄-၆ တွင် “အို ဣသရေလ၊ နားထောင်လော့။ ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ဆူတည်းဖြစ်တော်မူ၏။ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ခွန်အားအကြွင်းမဲ့ ချစ်ရမည်။ ယနေ့ ငါမှာထားသော ဤစကားတို့ကို သင်၏ နှလုံးထဲ၌ မှတ်ထားရမည်” ဟု ကြေညာသည်။ တရားဟောရာကျမ်းရေးသူသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် မြို့တစ်မြို့ တည်ဆောက်ခြင်း၏ အခြေခံအုတ်မြစ်မှာ ဘုရားသခင်နှင့် ဆက်ဆံရေး ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြောပြပါသည်။
တရားမျှတမှုဆိုင်ရာ နိုင်ငံရေး
ယနေ့ ငါပေးသော ဤပညတ်တို့ကို သင်တို့ နှလုံးထဲ၌ မှတ်ထားကြလော့။ ထိုပညတ်တို့ကို သင်တို့ သားသမီးတို့အား ကြိုးစား၍ သွန်သင်ကြလော့။ အိမ်၌ ထိုင်လျက်နေသောအခါ၊ လမ်း၌ သွားသောအခါ၊ အိပ်လျက်နေသောအခါ၊ ထလျက်နေသောအခါ၊ ထိုပညတ်တို့ကို ပြောဆိုကြလော့။ သင်တို့ လက်ပေါ်မှာ နိမိတ်လက္ခဏာအဖြစ် ချည်နှောင်၍၊ နဖူးပေါ်မှာ တန်ဆာအဖြစ် တပ်ထားကြလော့။ သင်တို့ အိမ်တံခါးတိုင်နှင့် မြို့တံခါးတို့၌ ရေးထားကြလော့ (တရားဟောရာ ၆:၆-၉)။
မောရှေ၏ တရားဟောရာကျမ်းထဲက မိန့်ခွန်းပြီးနောက် ပညတ်တော်တွေနှင့် စည်းမျဉ်းတွေကို ဖတ်တဲ့အခါ တရားမျှတမှုကိစ္စတွေကို အဓိကထားတာကို တွေ့ရပါတယ်။ ဆင်းရဲသားတွေဆီ ချမ်းသာကြွယ်ဝမှု ပြန်လည်ခွဲဝေပေးတာ၊ မုဆိုးမကို ကာကွယ်ပေးတာ၊ ကျွန်ပြုခြင်းကနေ လွတ်မြောက်စေတာ၊ အုပ်စိုးသူတွေ၏ အာဏာကို ကန့်သတ်တာ၊ စစ်ပွဲတွေမှာ တရားမျှတမှုရှိစေတာ၊ တရားစီရင်ရေးနှင့် လူသတ်မှုတွေမှာ ဇနီးတွေနှင့် အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေ၏ သက်သာချောင်ချိရေးကို ကာကွယ်ပေးတာ၊ ကွာရှင်းပြတ်စဲသူ၊ မိဘမဲ့၊ ဧည့်သည်၊ နာမကျန်းသူ၊ လာရောက်လည်ပတ်သူနှင့် အားနည်းသူတွေကို ကာကွယ်ပေးခြင်း စတဲ့ စိုးရိမ်ပူပန်မှုတွေနှင့် သက်ဆိုင်ပါတယ်။ မောရှေ၏ အဆိုအရ တခြားကိုးကွယ်မှုတွေရှိတဲ့ မြို့ထဲတွင် ဘုရားသခင်၏ နိုင်ငံတော်ကို အောင်မြင်စွာ ပြည့်စုံစေဖို့ Isreal လူမျိုးအနေဖြင့် တရားမျှတမှုဆိုင်ရာ နိုင်ငံရေးကို တီထွင်ပြီး ထိန်းသိမ်းရမှာပါ။
မံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး
သင်တို့ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရား သစ္စာကျိန်ဆိုသောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ခေါ်ဆောင်သောအခါ၊ သင်တို့ မဆောက်သော ကြီးစွာသော မြို့ရွာများ၊ သင်တို့ မဖြည့်စွက်သော ကောင်းသောအရာများဖြင့် ပြည့်သော အိမ်များ၊ သင်တို့ မတူးသော ရေတွင်းများ၊ သင်တို့ မစိုက်ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်များရှိသော ပြည်သို့ ရောက်၍ စားသောက်ပြီးသောအခါ၊ သင်တို့ကို အဲဂုတ္တုပြည် ကျွန်ခံရာအရပ်မှ နှုတ်ဆောင်သော ထာဝရဘုရားကို မမေ့လျော့စေရန် သတိပြုကြလော့ (တရားဟောရာ ၆:၁၀-၁၂)။
ဆုတောင်းခြင်း
ကောင်းကင်ဘုံ၌ရှိတော်မူသော အဘ၊
ကိုယ်တော်သည် မြို့များနှင့် နိုင်ငံများ၏ ဘုရားသခင်၊ ဖန်ဆင်းခြင်းအရာအားလုံးကို အုပ်စိုးတော်မူသော အရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်သုံးသပ်သောအခါ၊ ကျွန်ုပ်တို့နေထိုင်ရာ နေရာများတွင် ပြောင်းလဲခြင်းအတွက် ဖြစ်နိုင်ခြေကို မြင်တွေ့ရန် ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ပေးတော်မူပါ။ ကျွန်ုပ်တို့ကို ကိုယ်တော်၏ တရားမျှတမှုများ၊ ကိုယ်တော်၏ပေးထားသည့် ကျေးဇူးတော်များနှင့် အရင်းအမြစ်များကို စီမံခန့်ခွဲသူများနှင့် မှောင်မိုက်ထဲတွင် အလင်းများဖြစ်စေနိုင်ရန် ကူညီပေးတော်မူပါ။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းများထဲသို့ Jerusalem သစ်၏ အလင်းရောင်များကို ယူဆောင်လာကာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပုံဖော်နိုင်ပါစေ။ ကိုယ်တော်၏ နာမတော်ကို ဂုဏ်ပြုပြီး ကိုယ်တော်၏ ငြိမ်းချမ်းရေး စိုးစံသည့် မြို့များကို တည်ဆောက်ရန် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးတော်မူပါ။ ယေရှု၏ နာမတော်ဖြင့် ဆုတောင်းပါသည်၊ အာမင်။
ဆွေးနွေးရန် မေးခွန်းများ:
၁။ သင်ယနေ့ နေထိုင်သော မြို့တွင် ဗာဗုလုန်နှင့် Jerusalem နှစ်ခုလုံး၏ အစိတ်အပိုင်း (ခြေအနေ) များကို မည်သို့မြင်ပါသနည်း။
၂။ ခရစ်ယာန်များသည် ဘုရားသခင်၏ သတင်းနှင့် တရားမျှတမှုကို ထင်ဟပ်စေရန် ယနေ့နေထိုင်သောမြို့များတွင် မည်သို့ပါဝင်ဆောင်ရွက်နိုင်ပါသနည်း။
၃။ တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ စသည်ဖြင့် နှစ်မျိုးလုံး ကယ်တင်ခြင်းဆိုင်ရာ အယူအဆသည် သင်၏ ယုံကြည်ခြင်းနှင့် အသိုင်းအဝိုင်းဆိုင်ရာ နားလည်နိုင်ရန် မည်သို့ စိန်ခေါ်ပါသနည်း။
၄။ သင် ယနေ့နေထိုင်သော မြို့တွင် တရားမျှတမှုဆိုင်ရာ နိုင်ငံရေး သို့မဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ (stewardship) အထောက်အကူပြုရန် မည်သည့် လက်တွေ့ကျသော အဆင့်များကို သင်လုပ်ဆောင်နိုင်ပါသနည်း။